မောက်မယ် မတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လင်းခေးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းဦးဆောင်သော ကုန်းလမ်းရပ်ကွက် လူငယ်ပရဟိတ ပန်းရံ/လက်သမားအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများတို့ ပူးပေါင်း၍ လေပြင်းဘေး ကြိုတင်ကာကွယ်ရေး စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကုန်းလမ်းရပ်ကွက်ရှိ ဦးလုံးနွေ၏ နေအိမ်အား ယနေ့နံနက် ၉ နာရီမှစတင်ပြီး လေပြင်းဘေးဒဏ်ခံ မိုးလုံလေလုံတစ်ထပ် တိုက်နေအိမ် ထပ်မံဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းတန်ဖိုး ကျပ်(၄)သောင်း၊ အနယ်နယ် အရပ်ရပ်မှလှူဒါန်းထားသည့် သက်ကြီးဘိုးဘွားနေအိမ်များဆောက်လုပ် လှူဒါန်းခြင်းရန်ပုံငွေမှမတည် ငွေကျပ်(၃)သိန်း၊ လင်းခေးမြို့ရပ်မိရပ်ဖများမှဘိလပ်မြေ(၁၀)အိတ် ၊ ကျွန်းတံခါးချပ်ကြီးနှစ်ချပ်တွဲ(၁)စုံ (ကျည်းဘောင်အပါ)၊ ပြူတင်းတံခါးနှစ်ချပ်တွဲ(၁)စုံ(ကျည်းဘောင်အပါ) အလျား၁၅ပေ ၊ အနံ၁၂ပေ ၊ အမြင့် ၁၁ ပေရှိ လေပြင်းဘေးဒဏ်ခံမိုးလုံလေလုံတစ်ထပ်တိုက်ကို ကုန်းလမ်းရပ်ကွက် လူငယ်ပရဟိတ ပန်းရံ/လက်သမားအသင်း လုပ်အားဒါနဖြင့်လည်းကောင်း ထပ်မံလိုအပ်သည့်အိမ်ဆောက်ပစ္စည်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများတို့က စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းတိမာထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)