ကျောက်ဖြူ မတ်လ ၈
၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ နဂါးကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသ ဆရာတော်ကြီးအား ယမန်နေ့ မွန်းလွဲပိုင်းက တပည့်ဒါယကာ၊ ဒါယကာမများက စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုပင့်ဆောင်ခဲ့ကြသည်။
အဆိုပါ ဆရာတော်ကြီးအား ဂုဏ်ပြုကြိုဆိုပင့်ဆောင်ရာတွင် တပည့်ရဟန်းသံဃာများ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်နှင့် အဖွဲ့ဝင်များ၊ နဂါး ကျောင်း စာသင်တိုက်၏ တပည့်ဒါယကာ၊ ဒါယကာမများက ကြိုဆိုခဲ့ကြပြီး ဆရာတော်ကြီးအား ဂုဏ်ပြု မော်တော်ယာဉ် ပလ္လင်ထက်သို့ပင့်ဆောင်ကာ အများပြည်သူ ပူဇော်ကြည်ညိုနိုင်စေရန် လေဆိပ်မှစ၍ မြို့လမ်းတစ်လျှောက် လှည့်လည်အပူဇော်ခံခဲ့သည်။ ယင်းနောက် နဂါးကျောင်း ပရိယတ္တိ စာသင်တိုက်ရှိ သီရိသုခရတနာဓမ္မာရုံတွင် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ဆက်လက် ကျင်းပခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး နဂါးကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဘဒ္ဒန္တစက္ကိန္ဒာဘိဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ထိုနောက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခြင်းအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆင့် ချီးမြှင့်ဂုဏ်ပြုလွှာအား ကျောက်ဖြူခရိုင် သာသနာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှသိန်းဌေးက ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် တပည့်ဒါယကာ၊ ဒါယကာမများနှင့် အလှူရှင် များက ဆရာတော်ကြီးအား ဂုဏ်ပြုအလှူတော်ဝတ္ထု (ငွေ) များ ဆက်ကပ်လှူဒါန်းခဲ့ကြရာ ဂေါပကအဖွဲ့ဝင် ဦးသန်းဝင်းက လက်ခံခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဖြိုးဝေလင်း