ရန်ကုန် မတ် ၈
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ၅၇၉ ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။
ရှေးဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး အလှူရှင်များက လှူဒါန်းထားသော ရွှေစင်ရွှေပြား ၆ ကျပ်သား ၁ ချပ်၊ ၃ ကျပ်သား ရွှေပြား ၂ ချပ်၊ ၁ ကျပ်သား ရွှေပြား ၁၇ ချပ်နှင့် အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးသိန်းထွဋ်မောင်နှင့်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များကလက်ခံရယူပြီး ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တတိလောကာဘိဝံသ၊ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ အခမ်းအနားတက်ရောက်လာသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရားနာယူကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယနေ့ပြုလုပ်သော အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော်(ရွှေပြား)အလှူရှင် ၂၀ ဦးက ရွှေပြားအချပ် ၂၀ ချပ် လှူဒါန်းခဲ့ကြပြီး ငွေသားအလှူရှင် ၅၄ ဦးအပါအဝင် လှူဒါန်းငွေစုစုပေါင်း ကျပ် ၁၇၁၀,၄၀၁,၄၈၁/- ဖြစ်ကြောင်း သိရှိရသည်။