ဟိုပန် မတ် ၈
နိုင်ငံတော်မှချီးမြှင့်ဆက်ကပ်သည့် ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာတော်နှင့် သီလရှင်ဆရာကြီးတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ယမန်နေ့တွင် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ဟိုပန်မြို့အဝင် ဖောင်ဆိပ်ဂိတ်မှ စတင်၍ မြို့အတွင်းလှည့်လှည်အပူဇော်ခံကာ သက်ဆိုင်ရာကျောင်းတိုက်များသို့ ပင့်ဆောင်၍ စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထိုသို့ ကြိုဆိုပင့်ဆောင်ရာ၌ နံနကျ(၁၀)နာရီက နိုင်ငံတော်မှချီးမြှင့်သည့် "ဂန္ထဝါစကပဏ္ဍိတ" (အခြေခံအဆင့် စာချပညာရှင်ပုဂ္ဂိုလ်) ဘွဲ့တော်ဆက်ကပ်ခြင်းခံရသည့် ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာ၊ သီရိမင်္ဂလာပရိပတ္တိစာသင်တိုက်၏ ပဓာနနာယကသီလရှင်ဆရာကြီး ဒေါ်ပဒုမ္မာရီ အား ဂုဏ်ပြုကြိုဆိုခဲ့ပြီး မွန်းလွဲ(၂)နာရီတွင် "မဟာကမ္မဌာနာစရိယ"(အလယ်အလတ်အဆင့် ကမ္မဌာန်းနည်းပြပုဂ္ဂိုလ်)ဘွဲ့တော် ဆက်ကပ်ခြင်းခံရသည့် ဟိုပန်မြို့နယ်၊ ကောင်းဟုန်းရပ်ကွက်ရှိ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာ တော်ဘဒ္ဒန္တဒေဝိန္ဒအား ဆက်လက်၍ ဂုဏ်ပြုကြိုဆိုခဲ့သည်။
ဂုဏ်ပြုကြိုဆိုရာတွင် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆို၍ ရှမ်းရိုးရာ၊ "ဝ"ရိုးရာ တိုင်းရင်းသားအကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရ သည်။
ဇင်ဇင်(ပြန်/ဆက်)