ရွှေကူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိ

ရွှေကူ မတ် ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့အဖြစ် ယနေ့နံနက် ၉ နာရီက စာစစ်ဌာနအသီးသီးတို့၌ စတင်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၆၇၈) ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ အေချမ်းစွာ ဖြေဆိုနိုင်ရေး၊ အန္တရာယ်ကင်းရှင်းစေရန်နှင့် ကျန်းမာ‌ရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန် အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊  ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လိုအပ်သည်များကို ပူးပေါင်းကူညီပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေကူမြို့နယ်အတွင်းရှိ စာစစ်ဌာနနှစ်ခုဖြစ်သည့် အ.ထ.က(၁)စာစစ်ဌာနနှင့် အ.ထ.က(၂) စာစစ်ဌာနတို့တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့်သူ စာရင်းရှိ (၇၅၉) ဦးအနက် (၆၇၈) ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်သူ (၈၁)  ဦးရှိကြောင်းနှင့် ဖြေဆိုသည့်ရာခိုင်နှုန်းမှာ  (၈၉ ဒဿမ ၃၃) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။  

မြို့နယ်(ပြန်/ဆက်)