မာန်အောင်မြို့ ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာ(ဓမ္မဗိမ္မာန်)၌ မိုးကုတ်ဝိပဿနာသင်တန်းနှင့် အဘိဓမ္မာအခြေခံတရား(၇)ရက်သင်တန်း ဖွင့်ပွဲ ကျင်းပ

မာန်အောင် မတ် ၈

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာ (ဓမ္မဗိမ္မာန်)၌ မိုးကုတ်ဝိပဿနာသင်တန်းနှင့် အဘိဓမ္မာအခြေခံတရားတော် (၇)ရက်သင်တန်းကို ယမန်နေ့နေ့လယ် ၁၂ နာရီက အဆိုပါဘိုးဘွားရိပ်သာ (ဓမ္မဗိမ္မာန်)၌ ကျင်းပခဲ့သည်။

ရှေးဦစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ကြပြီး သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ သင်တန်းဖြစ်မြောက်ရေးကော်မတီအဖွဲ့ (ကိုယ်စား) ဦးခင်မောင်ရင်က လျှောက်ထားသည်။

ထို့နောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ(သုဓမ္မာ) ကုန်းတန်းဘုန်းတော်ကြီးကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ (ရွှေကျင်)မဟာဓမ္မိကာရုံကျောင်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရထံမှ သြဝါဒခံယူကြပြီး သံဃာတော်များအား လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ ဒေါက်တာဦးစိုးထွန်းအောင် ပြည်နယ်ကျန်းမာကုသရေးဦးစီးမှူး(ငြိမ်း)မှ တက်ရောက်လာသူများနှင့် မိတ်ဆက်စကားပြောကြားပြီး မိုးကုတ်ဝိပဿနာ နည်းပြဆရာကြီး ဒေါက်တာအေးသိန်းမှ ပဋိစ္စသမုပ္ပါဒ်တရားများကို ဆွေးနွေးပြောကြားသည်။

အဆိုပါ မိုးကုတ်ဝိပဿနာနေ့ အလုပ်ပေးတရားသင်တန်း(၇)ရက်စခန်းသို့  သင်တန်းသား/သူ ယောဂီ ၇၅ ဦး တက်ရောက်ကြပြီး သင်တန်းကို မတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့ထိ နေ့စဉ် နေ့လယ် ၁၂ နာခွဲမှ ၃ နာရီထိ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)