သံတွဲ မတ် ၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူလေးများ၏ ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်က ယခုကဲ့သို့ ပြိုင်ပွဲများ ကျင်းပရခြင်းမှာ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ၏ စာဖတ်စွမ်းရည်မြင့်မားရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရရှိ စေပြီး အသိပညာဗဟုသုတများ တိုးပွါးကာ နိုင်ငံ့တာဝန်ကို ထမ်းဆောင်မည့် နိုင်ငံ့သားကောင်း မျိုးဆက်သစ် လူငယ်လူရွယ်များ ပေါ်ပေါက်စေရေးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ရိုးရာပုံပြင်များစာအုပ်မှ အိမ်နောက်ဖေး ဈေးဆိုင်တည် ပုံပြင်ကို ပြောကြားကြပြီး ဒုတိယဦးစီးမှူးက ပုံပြင်ပါ အကြောင်း အရာများကို ကျောင်းသား/သူများ နားလည်အောင် ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါပုံပြင်ကို ဖတ်ရှုပြောကြားခြင်းအားဖြင့် ကလေးငယ်များအတွက် ကိုယ့်ထက် သက်ကြီး၊ ဝါကြီး ပညာညာဏ်ကြီးသူကို ဆည်းကပ်၍ မိမိတို့ဘဝ တိုးတက်အောင် လုပ်ဆောင်နိုင်သည့် သင်ခန်းစာများအား ရရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပုံပြင်ပြောခြင်းနှင့်အတူ ဘောလုံးလက်ဆင့်ကမ်း ဂိမ်းပြိုင်ပွဲများကို ဒုတိယဦးစီးမှူးဒေါ် မေမွန်ထွဋ်နှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်အေးအေးဝင်းတို့က ကလေးငယ်များ ကျန်းမာကြံ့ခိုင်ပြီး အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ကြီးကြပ် ကျင်းပပေးခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)