ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်း အခမ်းအနားတက်ရောက်၊ မီးသတ်ယာဉ်များနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများကြည့်ရှု စစ်ဆေး၊ MSME လုပ်ငန်းများအား ကြည့်ရှု

စစ်တွေ မတ် ၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်မီးသတ်ဦးစီးဌာနရုံး၌ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသခြင်း အခမ်းအနားသို့ တက်ရောက်ကြပြီး မီးသတ်ယာဉ်များနှင့် ရှာဖွေကယ် ဆယ်ရေးပစ္စည်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြကာ ရခိုင်ဒေသထွက် စားသောက်ကုန်လုပ်ငန်းများ ထုတ်လုပ်နေသော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှု အားပေးကြသည်။

ဦးစွာ ပြည်နယ်မီးသတ်ဦးစီးမှူးက ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြု၍ ကူညီကယ်ဆယ်ရေး ဆောင်ရွက်မှုများကို သရုပ်ပြသကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယခုရက်ပိုင်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မီးသတ်တပ်ဖွဲ့ဝင်များက အချိန်တိုအတွင်း ဆုံးရှုံးမှုအနည်းဆုံးဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းသည် ကြိုတင်လေ့ကျင့်မှု အားကောင်းခြင်းကြောင့် ဖြစ်ကြောင်း၊ မီးလောင်ပြီးမှ ဆောင်ရွက်ခြင်းထက် ကြိုတင်ကာကွယ်မှုအပိုင်းက ပို၍အရေးကြီးပါကြောင်း၊ ထို့ကြောင့် နေအိမ်များ၊ ရုံးဌာနများ၊ ဈေးဆိုင်များ၊ ဆီဆိုင်များ စသည့်နေရာများသည် မီးဘေးစိုးရိမ်ရသော နေရာများဖြစ်သည့်အတွက်ကြောင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုနေရာများတွင် မီးကိုစနစ်တကျ အသုံးပြုတတ်ရန်အတွက် သတိပေးနှိုးဆော်ခြင်းများ၊ အသိပညာပေးခြင်းများ အလားတူ ရပ်ကွက် ကျေးရွာများတွင် သရုပ်ပြသခြင်းများကိုပါ ဆောင်ရွက်နိုင်မည်ဆိုလျှင် ပိုပြီးထိရောက်နိုင်မည်ဖြစ်ကြောင်း၊ အထူးအလေးထား မှာကြားလိုသည်က မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သင့်လေးသင့်ရှိရန် လိုအပ်ပါကြောင်း၊ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုများ အမြဲတမ်း လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ လေ့ကျင့်မှုများကိုလည်း ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ လုပ်ဆောင်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးသတ်ယာဉ်၊ မီးသတ်စက်များနှင့် ရှာဖွေကယ် ဆယ်ရေးသုံးပစ္စည်းများ ခင်းကျင်းပြသထားမှု လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိှမ်းသတ်ရေး သရုပ်ပြသကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ Great Arian Development ကုမ္ပဏီလီမိတက်၏ အိုးသူကြီး ရခိုင်ဒေသထွက် စားသောက်ကုန်ထုတ်လုပ်ငန်း စက်ရုံသို့ သွားရောက် ကြည့်ရှုလေ့လာကြရာ ကုမ္ပဏီဒါရိုက်တာ ဦးတင်ငြိမ်းဦးက စက်ရုံခြံဝန်းအတွင်း သဘာဝမြေဩဇာများကို အသုံးပြု၍ သိပ္ပံနည်းကျ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ၊ နေရောင်ခြည်စွမ်းအင်သုံး အခြောက်ခံစနစ် Solar  Dryer ဖြင့် ခြံထွက်ငရုပ်သီးများနှင့် ဂျင်းများအား အခြောက်ခံထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံအတွင်း ထုတ်လုပ်နေသည့် ဂျင်းများအား နေရောင်ခြည်စွမ်းအင်သုံး အခြောက်ခံစနစ် Solar  Dryer ဖြင့် အခြောက်ပြုလုပ်နိုင်ရန် သန့်စင်နေမှု၊ ငရုပ်မှုန့်ပြုလုပ်ရန် လျှပ်စစ်အလှော်စက်ဖြင့် ပြုလုပ်နေမှု၊ အိုးသူကြီး အသင့်စား ဟင်းမွှေးမဆလာထုတ်ပိုးနေမှုနှင့် စက်ရုံမှထွက်ရှိသော ပစ္စည်းများနှင့် ခြံဝန်းအတွင်းမှ ထွက်ရှိသော သီးနှံများအား ခင်းကျင်းပြသထားရှိမှုတို့ကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ကုမ္ပဏီဒါရိုက်တာနှင့် အဖွဲ့ဝင်များက ဒေသထွက်စားသောက်ကုန်များ ပိုမိုထုတ် လုပ်နိုင်ရန်အတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး စိုက်ပျိုးရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြရန်နှင့် အရည်အသွေးမြှင့် ဒေသထွက်ကုန်များ ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)