တွံတေး မတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသောအသိအမြင်ဗဟုသုတများကို အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Women Club)နှင့်ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီခွဲက ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး Women Club အဖွဲ့ဝင် မသန်းသန်းအေးက စာရေးဆရာမဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)ရေးသားသည့် စကားနှင်းပွင့်များစာအုပ်ပါ ကိုယ့်အတွက်ကိုယ်လုပ်သင့်တာလုပ်ပါခေါင်းစဥ်တွင် သူများသဘောကျအောင် တမင်ကြိုးစားနေဖို့မလိုကြောင်း၊ ကိုယ်ကောင်းအောင်ကြိုးစားရင်ကောင်းတဲ့သူတွေက များများသဘောကျလာမှာဖြစ်ကြောင်း၊ ကိုယ်မသေခင် ကိုယ့်စိတ်နေသဘာဝ အနှစ်သာရကို နားမလည်ကြဘူးဆိုရင်တောင်မှ သေပြီးတဲ့နောက်မှာ ကျော်ကြားသူတွေရှိကြောင်း စာရေးဆရာမကရေးသားထားကြောင်း ဖတ်မိသမျှပြောကြားခဲ့ပြီး အဖွဲ့ဝင်မချိုချိုလှိုင်က စိတ်ကိုလည်းပြင် ရုပ်ကိုလည်းပြင် အကြောင်းအရာများမှ လူဘဝမှာလည်း ငွေကြေးချမ်းသာမယ်၊ ပညာတတ်မယ်၊ အမျိုးမြတ်မယ် ဒါပေမယ့်လူသူအများရဲ့ ချစ်ခြင်းမေတ္တာကို မရနိုင်ကြောင်း၊ စေတနာကိုလည်းမရနိုင်ဘူးဆိုရင် ဘယ်သူကိုမှအပြစ်မတင်သင့်ကြောင်း၊ အပြစ်အရှိဆုံးလူကတော့ ကိုယ်ကိုယ်တိုင်ပင်ဖြစ်ကြောင်း အစောပိုင်းကတည်းက ကိုယ်ဘက်ကပေးသင့်တာ ပေးဆပ်သင့်တာကို မပေးဆပ်မပေးအပ်ခဲ့ဘူးဆိုရင် ကိုယ်နေရမယ့်အိမ်ကို ကိုယ်တိုင်မွမ်းမံပြင်ဆင်ထားခြင်းမရှိတဲ့သူ ဖြစ်မှန်းမသိဖြစ်မှာဖြစ်ကြောင်း ဖတ်မှတ်မိသမျှပြောကြားခဲ့သည်။ ယင်းနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Woman Club) အဖွဲ့ဝင်များနှင့် တက်ရောက်လာသည့် စာပေချစ်သူများက အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက စာအုပ်ပါအကြောင်းရာများအား ဖြည့်စွတ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွံတေးသား