ပင်းတယ မတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ မြို့နယ်အားကစားကွင်း ဘက်စုံသုံးအားကစားကွင်းခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၃ ခုနှစ် နွေရာသီအားကစား အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသူ၊ ကျောင်းသားများအနေနဲ့ နွေရာသီအားလပ်ရက်မှာ အားကစားသင်တန်းသို့ တက်ရောက်လေ့လာသင်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးကျေဇူးများ၊ ဗလငါးတန်နဲ့ဖွံ့ဖြိုးမှသာ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်ပါကြောင်း၊ နောင်တစ်ချိန်မှာ သားငယ်၊ သမီးငယ်များအားလုံးကို အမိမြန်မာနိုင်ငံတော်၏ အားကိုးအားထားရတဲ့ သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်ကြပါစေကြောင်း စသည်ဖြင့် ပြောကြားပေးခဲ့သည်။
ထိုနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသူသင်တန်းသားများ ရင်းရင်းနီးနီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပေးခဲ့ပြီး၊ တိုက်ကွမ်ဒိုနှင့် fitness Dance အားကစားလေ့ကျင် သရုပ်ပြမှုတို့ကို ကြည့်ရှုအားပေး၍ အဆိုပါသင်တန်းအတွက် ဒေသဥက္ကဋ္ဌမှ ငွေကျပ်(၅) သိန်းကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ယခုဖွင့်လှစ်သင်ကြားပေးနေသည့် နွေရာသီအားကစား အခြေခံသင်တန်းတွင် ဘောလုံး၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ ဒိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်နှင့် fitness Dance အားကစားနည်းများကို သင်ကြားပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းတွင် သင်တန်းသူ/သား စုစုပေါင်း(၂၅၀)ဦးကျော်ခန့် တက်ရောက်သင်ကြားနေကြောင်းလည်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)