ပူတာအိုဒေသတွင် လက်ဖက်စိုက်ဧက(၄၀၀)ကျော်စိုက်ပျိုးပြီး ဖါ့ခါး (PAQ KA) အမှတ်တံဆိပ်ဖြင့် ဖြန့်ဖြူး

ပူတာအို မတ် ၇

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းဇယားများအရ လက်ဖက်စိုက်ဧက (၄၀၀)ကျော် စိုက်ပျိုးလျက်ရှိပြီး လက်ဖက်ခြောက် အဓိကထုတ်လုပ်သည့် စက်ရုံတစ်ခုတည်းသာရှိရာ ၎င်းစက်ရုံမှ ထုတ်လုပ်သော လက်ဖက်ခြောက်များကို ဖါ့ခါး(PAQ KA) အမှတ်တံဆိပ်ဖြင့် ပူတာအိုခရိုင်အတွင်း အဓိကဖြန့်ဖြူးပေးလျက်ရှိကြောင်း ပူတာအို လက်ဖက် အသင်းအစုအဖွဲ့ ဥက္ကဋ္ဌ ဦးဆလွတ်ထဖေဝမ်ထံမှ သိရသည်။

မြန်မာနိုင်ငံလက်ဖက်အသင်းတွင် ဒေသခံလက်ဖက်အစုအဖွဲ့ (၁၈)ဖွဲ့ရှိပြီး ပူတာအို လက်ဖက် အသင်းအစုအဖွဲ့ကို ၂၀၁၉-ခုနှစ် ဒီဇင်ဘာ(၂၃)ရက်တွင် အသင်းသားဦးရေ (၇၀)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

ပူတာအိုဒေသသည် ရေခဲတောင်နှင့် နီးစပ်ခြင်းကြောင့် လက်ဖက်စိုက်ပျိုး ဖြစ်ထွန်းနိုင်သော အေးမြသည့် ရာသီဉတုဖြစ်ပြီး ပူတာအို လက်ဖက်အသင်းသားအများစုသည် လက်ဖက်စိုက်ပျိုး တောင်သူများဖြစ်ရာ အဆိုပါ လက်ဖက်စိုက်တောင်သူများအတွက် အဆင့်မြင့် လက်ဖက်ခြောက် ထုတ်လုပ်နည်းပညာနှင့် လက်ဖက်စိုက်ပျိုးနည်းပညာများကို ပံ့ပိုးပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

ပူတာအိုဒေသတွင် လက်ဖက်ခြောက်များကို ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အသုံးပြုလျက်ရှိပြီး လက်ဖက်ခြောက်များကို ပွဲလမ်းသဘင်များတွင် ဧည့်သည်ဧည့်ခံရာတွင်လည်းကောင်း၊ ကုန်ပစ္စည်းအချင်းချင်း ဖလှယ်ရာတွင်လည်းကောင်း အသုံးပြုလေ့ရှိသည့်အပြင် တောင်းရမ်း မင်္ဂလာပွဲများတွင်လည်းကောင်း၊ အဝေးရောက် ဆွေမျိုးမိတ်ဆွေများကို သတိရလက်ဆောင် အဖြစ်လည်းကောင်း ပါးလေ့ရှိကြောင်း သိရသည်။

အဆိုပါ ယဉ်ကျေးမှုအနှစ်သာရပြည့်ဝလှသည့် ပူတာအိုဒေသထွက် လက်ဖက်ခြောက်များကို တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး နှစ်ထောင်တန်၊ သုံးထောင်တန်၊ ငါးထောင်တန်နှင့် တစ်သောင်းတန်စသည့် အထုပ်သေးများဖြင့်လည်း ထုတ်လုပ်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)