မလှိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်ဆိုင်ရာ အခွင့်အရေး လိုင်စင်များ လေလံရောင်းချပွဲ ကျင်းပ

မလှိုင် မတ်

မလှိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များအား အိပ်ဖွင့်လေလံ စနစ်ဖြင့် လေလံရောင်းချပွဲကိုယမန်နေ့ နံနက်ပိုင်းက အဆိုပါအဖွဲ့ ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လေလံရောင်းချပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့   အမှုဆောင် အရာရှိ ဒေါ်နွယ်နီထွန်းက လေလံစည်းမျဉ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ လေလံရောင်းချပွဲတွင် သားသတ်လိုင်စင် (၉)ခု အတွက် ငွေကျပ် (၁၆၈.၉၈၀)သန်း၊ အခြားအခွင့်အရေးလိုင်စင်ဖြစ်သည့် အပေါင်ဆိုင်လိုင်စင်၊ စျေးကောက်လိုင်စင်၊ စက်ဘီးအပ်နှံကောက်ခံခွင့်လိုင်စင်စသည့် (၅၇)ခုအတွက် ငွေကျပ် (၉၄.၉၀၈)သန်း၊ စုစုပေါင်း လိုင်စင်(၆၆)ခုအတွက် ငွေကျပ်(၂၆၃.၈၈၈)သန်းရောင်းချနိုင်ခဲ့ပြီး ရရှိသည့် အခွန်ငွေများကို မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဖြစ်သော လမ်း၊တံတား၊ ရေပေးရေနှင့် မြို့သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများအတွက် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် လေလံအောင်မြင်စွာ ရောင်းချနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးစိုးမင်းထက်နှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ ကြီးကြပ်ရေးအဖွဲ့အဖြစ်လည်းကောင်း၊ အမှုဆောင်အရာရှိ ဒေါ်နွယ်နီထွန်းနှင့် ဝန်ထမ်းများမှ ရောင်းချရေးအဖွဲ့လည်းကောင်း ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဌေး (မလှိုင်)