စဉ့်ကူးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိလာသည့် နယ်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

စဉ့်ကူး မတ် ၇

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန် ရောက်ရှိလာသည့် နယ်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို စဉ့်ကူးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မဟာစည်သာသနာ့ရိပ်သာတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့်အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းတို့က မြစိမ်းကျေးရွာ၊ သာယာဝတီကျေးရွာ၊ ကြာဥယျာဉ်ကျေးရွာနှင့် လက်ပန်ကုန်းကျေးရွာတို့မှ အခြေခံပညာအထက်တန်းကျောင်း (စဉ့်ကူး) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိလာသည့် ကျောင်းသား၊ ကျောင်းသူ(၂၄)ဦး၊ ဆရာ/ဆရာမ(၆)ဦးနှင့် ကျောင်းသားမိဘ(၈)ဦးတို့အား တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ တစ်ဦးလျှင် ဆန်(၂)ဗူး၊ ဆီ (၂.၅)ကျပ်သား၊ အသီးအရွက် (၂၀၀)ကျပ်၊ အမယ်စုံ(၁၀၀)ကျပ်၊ ကြက်ဥ(၁)လုံး၊ အသား(၁၀)ကျပ်သားနှင့် သောက်ရေသန့်ဗူးကြီးတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ထိုသို့ထောက်ပံ့ပေးခြင်းကို စာမေးပွဲဖြေဆိုပြီးသည့် အချိန်အထိ နေ့စဉ်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။

ဆက်လက်၍ အခြားကျေးရွာများမှ ထပ်မံရောက်ရှိလာမည့် ကျောင်းသား၊ ကျောင်းသူများ၏ တည်းခိုနေထိုင်ရေးနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်နိုင်ရေးတို့ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)