မြစ်ကြီးနား မတ် ၇
၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် “ကျား/မတန်းတူညီမျှဖို့ နည်းပညာနှင့် ဆန်းသစ်စို့” ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ် (၁)မူကြိုကလေးငယ်များက မင်္ဂလာပါ အဖွင့်သီချင်းဖြင့် ကပြ ဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ နိုင်ငံ၏ လူဦးရေတွင် အမျိုးသမီး ပါဝင်မှုမှာ (၅၂)ရာခိုင်နှုန်းကျော်ဖြစ်သည့်အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဦးတည်ချက်များ အကောင်အထည်ဖော်ရာတွင်လည်းကောင်း၊ နိုင်ငံတစ်ဝှမ်းလုံး တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်ရေး၊ လူအဖွဲ့အစည်းတိုးတက်ရေးတွင်လည်းကောင်း အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုများသည် အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး၊ တန်းတူညီမျှ အခွင့်အရေးရရှိရေး လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာစီမံကိန်းများ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ အမှတ်(၁)နှင့် အမှတ်(၂)မူကြိုကျောင်းများမှ သားငယ်/သမီးငယ်များက တေးသီချင်း သရုပ်ဖော် အကအလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြရာ ပြည်နယ်အမျိုးသမီး ကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းက ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ ဇနီးဒေါ်ထုဆိုင်တို့က မူကြိုကလေးငယ်များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်