နောင်တရား မတ် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စု၊ ထီရီးကရင်ရွာ၌ ထောပတ်ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူများ ဝဥစိုက်ပျိုးမှုကို စိတ်ဝင်စားကြကြောင်း ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။
“ဝဥကို ထောပတ်ပင်အောက်မှာ ပြီးခဲ့တဲ့နှစ်မှ စတင်စမ်းသပ်စိုက်ပျိုးကြည့်ဖြစ်တာပါ အောင်မြင်တယ်လို့ပြောလို့ရတယ် ထောပတ်ပင်အောက်မှာ အခြားသီးနှံပင်တွေစိုက်တာ အောင်မြင်ဖြစ်ထွန်းတာနည်းတယ် အရိပ်များတာလည်းပါတာပေါ့ ဝဥမျိုးကို ချင်းပြည်နယ်ကနေ အသီးကိုမှာယူစိုက်ပါတယ် တစ်နှစ်သားဘဲရှိသေးတော့ အရမ်းမကြီးသေးဘူး နောက်နှစ်မှာ ထပ်စိုက်ပါမယ် ဝဥကနေအသီးပြန်ရတော့ နောက်နှစ်မှာ စိုက်ပျိုးဧကတိုးတာပေါ့ သဘာဝမြေဆွေးပဲကြွေးရတော့ စိုက်ပျိုးရေးစရိတ်သက်သာတယ်” ဟု ထီရီးကရင်ရွာမှ ထောပတ်ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။
နောင်တရားမြို့တွင် ဝဥအစို တစ်ပိဿာကို ကျပ် ၃၀၀၀ မှ ကျပ် ၄၀၀၀၊ ဝဥအခြောက် တစ်ပိဿာကို ကျပ် ၇၀၀၀မှ ကျပ် ၁၀၀၀၀၊ ဝဥမျိုး တစ်ပိဿာကို ကျပ် ၆၀၀၀မှ ကျပ် ၉၀၀၀ အထိ အရောင်းအဝယ်ပြုလုပ်ကြသည်။ “ယခုနှစ်မှာတော့ ဝဥဈေးကွက်က အနည်းငယ်အေးတယ်ပွဲရုံမှာတော့ အခြောက်လုပ်ပြီး လာရောင်းတဲ့တောင်သူတွေပဲများတယ် အစိုလာရောင်းတာရှားပါတယ်”ဟု ကုန်စုံရောင်းဝယ်နေသည့် ပွဲစားတစ်ဦးထံမှ သိရသည်။
ထောပတ်ဥယျာဉ်ခြံတောင်သူများက ဝဥစိုက်ပျိုးရာတွင် စိုက်ပျိုးရေးစရိတ် နည်းပါးခြင်း၊ ဝဥကို အစို၊ အခြောက်နှစ်မျိုးလုံး ရောင်းချရလွယ်ကူခြင်းကြောင့် ကြားညှပ်သီးနှံများအဖြစ် စိုက်ပျိုးရန်စိတ်ဝင်စားကြပြီး တိုးချဲ့စိုက်ပျိုးနေကြောင်း အဆိုပါတောင်သူထံမှ သိရသည်။
ခွန်အောင်(နောင်တရား)