တန့်ယန်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း၏ ငွေစာရင်းပုံစံများ ရေးသားဖြည့်သွင်းနည်းသင်တန်း ဖွင့်လှစ်

တန့်ယန်း မတ် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်းအား ဆောင်ရွက်ပေးနေလျက်ရှိရာ မြစိမ်းရောင်စီမံကိန်း၏ ငွေစာရင်းပုံစံများ ရေးသားဖြည့်သွင်းနည်းသင်တန်းကို ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငွေစာရင်းပုံစံများ ရေးသားဖြည့်သွင်းနည်းသင်တန်းသို့ စီမံကိန်းဆောင်ရွက်ခဲ့သော ကျေးရွာ များမှ စီမံကိန်းကော်မတီဝင်များ အသစ်ပြောင်းလဲခြင်းကြောင့် စာရင်းပုံစံများရေးသားဖြည့်သွင်းမှု ပိုမိုကောင်း  မွန်စေရန် မိုင်းကောင်ကျေးရွာအုပ်စုမှ (၄) ရွာ၊ ကုန်းမုံကျေးရွာအုပ်စုမှ (၂)ရွာ၊ မိုင်းတွမ်း ကျေးရွာအုပ်စုမှ (၂)ရွာ စုစုပေါင်း (၈)ရွာမှ ငွေစာရင်းကိုင်တွယ်သူ (၁၅)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကို နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရွအထိ ဖွင့်လှစ်ခဲ့ကြောင်းနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ်အထိ (၆၂)ယူနစ်၊ ကျေးရွာပေါင်း (၉၆)ရွာအား တစ်ယူနစ်လျှင် ငွေကျပ်သန်း သုံးဆယ်ဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။    

မင်းလွင်ဦး(ပြန်/ဆက်)