ဆီဆိုင်မြို့နယ်၌ နွေရာသီအားကစားသင်တန်းများ သင်ကြားပေး

ဆီဆိုင် မတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအားကစားသင်တန်းများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ရှိအားကစားကွင်းနှင့် ကျေးရွာအားကစားကွင်းများတွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူ၊ လူငယ်မောင်မယ်များ နွေရာသီအားလပ်ချိန်တွင် အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အားကစား စိတ်ဓါတ် ပိုမိုမြင့်မားလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်သန်စွမ်းပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါသည့် အားကစားနည်းများကို အလေးပေး သင်ယူလေ့ကျင့်နိုင်စေရန်၊ နွေရာသီအားကစားသင်တန်း မှတဆင့် အလားအလာရှိသော ရွက်ပုန်းသီး မျိုးဆက်သစ်အားကစားသမားများ ဖော်ထုတ်လေ့ကျင့် ပေးခြင်းဖြင့် ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နွေရာသီအားကစားသင်တန်းများအဖြစ် ဘောလုံး(ကျား/မ)၊ မြန်မာ့သိုင်း (ကျား/မ)၊ အေရိုးဗစ်(မ)နှင့် ကြက်တောင်(ကျား/မ)၊ ဘောလီဘော(ကျား/မ)စသည့် အားကစားနည်း(၅)မျိုးကို သင်ကြားလျက်ရှိရာ သင်တန်းနည်းပြ ၆ ဦးတို့က တစ်နေ့လျှင် (၁)ကြိမ်ဖြင့် သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၂၀ ရက်မှ မတ် ၁၀ ရက်နေ့ထိ သင်ကြားပေးမည်ဖြစ်သည်။ အဆိုပါ အားကစားသင်တန်းများအနက် မြန်မာ့သိုင်း သင်တန်းအား ယမန်နေ့တွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှူး ဦးဇော်ထွန်းထံမှ သိရသည်။

မျိုးမြတ်(ဆီဆိုင်)