ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တီဘီရောဂါ ဝေဒနာရှင်များအား အခမဲ့ ဆေးကုသမှု ဆောင်ရွက်ပေး

ဆိပ်ကြီးခနောင်တို မတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တီဘီရောဂါ နယ်လှည့်ကွင်းဆင်း ရှာဖွေကုသရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ တီဘီရောဂါ ဝေဒနာရှင် ပြည်သူများအား ယနေ့ နံနက် ၉ နာရီမှစ၍ ခနောင်တို အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အခမဲ့ဆေးကုသပေးလျက်ရှိသည်။

ထိုသို့ ကုသပေးရာတွင် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း (ဗဟို-ရန်ကုန်ရုံးခွဲ) နယ်လှည့် ကွင်းဆင်းရှာဖွေ ကုသရေးအဖွဲ့မှ ဒေါက်တာစောနွဲ့နွဲ့မြင့် ဦးဆောင်သည့်အဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်၊ ရပ်ကွက်အတွင်း တီဘီရောဂါ ခံစားနေရသည့် မြို့နယ်နေ ပြည်သူများအား ရှာဖွေ၍ သွေးပေါင်ချိန်ပေးခြင်း၊ တီဘီရောဂါ ရှိ/ မရှိ စစ်ဆေးကုသပေးခြင်း၊ လိုအပ်ပါက ဓာတ်မှန်ရိုက်ပေးခြင်းနှင့် အခြားသောအထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ဆေးကုသပေးရာသို့ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး၊ ဆေးကုသပေးခြင်းကို ကျန်ရှိသော ရပ်ကွက်များအလိုက် မတ်လ ၁၀ ရက်နေ့အထိ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဝေယံ (ပြန်/ ဆက်)