မက်မန်း မတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားရေး၊ ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးလိမ္မာ၊ ဉာဏ်ပညာတိုးတက်ရေးတို့အတွက် လူငယ်ရေးရာအသိပညာပေး (Talk Show)ကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရိုက်ကူးခဲ့သည်။
ထိုသို့ ရိုက်ကူးရာတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က ကမ္ဘာ့ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရကမ္ဘာ့လူဦးရေသန်း ၇၀၀၀ ကျော်တွင် လူငယ်ဦးရေးသန်း ၁၀၀၀ ခန့်ရှိပါကြောင်း၊ ကုလသမဂ္ဂ၏ သတ်မှတ်ချက်အရ အသက် ၁၅ နှစ်မှ ၂၄ နှစ်အထိ သတ်မှတ်ခြင်းဖြစ်ကြောင်း၊ လူငယ်မျိုးဆက်သစ်များစီးဆင်းမှုနှင့်ပတ်သက်၍ သုတေသနပြုချက်များအရ ၁၉၆၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း မွေးဖွားခဲ့သူများအား Generation –X အဖြစ်သတ်မှတ်ပါကြောင်း၊ ၁၉၈၀ မှ ၁၉၉၄ ခုနှစ်အကြား မွေးဖွားသူများကို Generation –Y အဖြစ်သတ်မှတ်ပါကြောင်း၊ ၁၉၉၀ မှ ၂၀၁၅ ခုနှစ် မွေးဖွားသူများအား Generation –Z အဖြစ်သတ်မှတ်ပါကြောင်း၊ မျိုးဆက်များ၏ အတွေးအခေါ်အယူအဆများမတူကြပါကြောင်း၊ Generation–Z မျိုးဆက်မျာအပေါ် အင်တာနက်လွှမ်းမိုးများများစွာရှိကြောင်း၊ နေ့စဉ် လူမှုကွန်ယက်စာမျက်နှာများ၏ တွန်းအားပေးမှုများကိုလည်းခံနေရပါကြောင်း ဦးစွာဆွေးနွေးသည်။ ထို့နောက် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အေးဝင်းခိုင် (ဦးစီးအရာရှိ)က ဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင်ရှိသော လူငယ်များသည် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို အရယူကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်လာသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများတွင်လည်းပါဝင်လာသည်ကို တွေ့ရှိရပါကြောင်း၊ မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍတိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတကာလူငယ်များနေဖြင့်လည်း နိုင်ငံရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင်လည်း တက်ကြွစွာပါဝင်လာသည်ကို တွေ့ရှိရပါကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ ဒေါ်ဥမ္မာချို(လက်ထောက်ညွှန်ကြားရေးမှူး)က ဆွေးနွေးရာတွင် လူငယ်များနေဖြင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား အတုယူကာ တိုင်းပြည်နှင့်လူမျိုးအား ချစ်ခင်စိတ်၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်လိုစိတ်၊ ယဉ်ကျေးလိမ္မာ၍ အသိပညာ၊ အတတ်ပညာများကို ကြိုးစားရှာဖွေလိုစိတ်များ တိုးတက်ထွန်းကားအောင် ဆောင်ရွက်ရန်ဆွေးနွေးခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show) အား မက်မန်းခရိုင် ပြည်သူ့စာကြည့်တိုက် Page နှင့် We Love Matman Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)