တွံတေးမြို့၏ ရိုးရာအိုးလုပ်ငန်းများတွင် အတာသင်္ကြန်အတွက် အတာအိုးများ ထုတ်လုပ်နေသည့်အတွက် အိုးလုပ်သားတို့ပုံမှန်ဝင်ငွေရနေ

တွံတေး မတ် ၇

မြန်မာနိုင်ငံ၌ အိုးလုပ်ငန်းဟုဆိုလျှင် အထက်မြန်မာပြည်ရှိ နွယ်ငြိမ်းကျေးရွာ၊ အောက်မြန်မာပြည် တွံတေးမြို့အိုးလုပ်ငန်းကို လူသိများကြသည်။ အိုးဆိုလျှင် ဒေါင်းဒေါင်းမြည်တဲ့ အိုးမှခိုင်ခံ့သည်။ တွံတေးမြို့သည် တစ်ချိန်က ရှေးဟောင်းအိုးမြို့တော် ဖြစ်ခဲ့ဘူးသည်ဟု ပညာရှင်အများစုက လက်ခံထားကြသည်။ တွံတေးမြို့၏အိုးလုပ်ငန်းသည် ရှေးနှစ်ပေါင်းများစွာကပင် မိဘဘိုးဘွားအသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် အစဉ်အဆက် လုပ်ကိုင်လာကြကြောင်း သိရသည်။

ယခုအခါ ရိုးရာအိုးလုပ်ငန်းများ ပြန်လည်တစ်ခေတ်ဆန်းသစ်လာသည်ကို တွေ့ရသည်။ အိုးတစ်လုံးဖြစ်ရန် အိုးလုပ်သားတို့ အဆင့်ဆင့် လုပ်ကိုင်ရသည်။ ပထမဦးစွာ အိုးလုပ်ရန်လိုအပ်သော ရွံ့စေးမြေ (မြေနက်) ကိုတူးရသည်။ ရရှိလာသောရွံ့စေးမြေကို ပိုမိုမာကြောလာစေရန်အတွက် တောင်မြေ (ခေါ်) မြေနီဖြင့်ရောစပ်ရပြီးနောက် ထိုမြေနှစ်မျိုးစလုံးကို အမှုန့်ကြိတ်ရသည်။

တောင်မြေနှင့်ရွံ့စေးမြေကို အချိုးကျကျ ရောစပ်ရသည်။ တောင်မြေအမှုန့် (၈) တောင်ကို မြေစေး(၃၅) တုံးစာကိုဓါးကို အသုံးပြု၍ လှီးဖြတ်ရသည်။ ထိုနောက်ရေနှင့် ရောစပ်ကာတစ်နာရီကြာအောင် ခြေထောက်ဖြင့်နင်းရသည်။ ထိုသိုပြုလုပ်သည်ကို မြေနယ် သည်ဟုခေါ်ကြသည်။ ထို့နောက် အိုးတစ်လုံးစာအတွက်ရွံ့တောင့်များပြုလုပ်ရသည်။

ရှေးဦးစွာ အိုးထိန်းစက်ပျဥ်ပြားပေါ်တွင် ပြာခံ၍ ကတာတင်ရသည်။ ပြာခံရခြင်းမှာ အိုးဖင် ကတာနှင့် အိုးထိန်းစက်မကပ်စေရန်ဖြစ်သည်။ ထို့နောက် အတောင့်ပြုလုပ်ထားသည့် ရွံကိုကတာပေါ် အခွေလိုက်တင်ရသည်။ ထို့သိုအခွေတင်စကပင်အိုးလုပ်သားငယ်က အိုးထိန်းစက်ကို တဖြည်းဖြည်းလှည့်ရသည်။ ရွံ့ခွေတင်ပြီးမှအိုးထိန်းစက်ကို အမြန်လှည့်ရသည်။ အိုးဆရာက လက်နှစ်ဖက်ကိုအသုံးပြု၍ အိုးပုံကြမ်းပေါ်လာအောင် ဖန်းတီးယူရသည်။ အိုးပုံကြမ်းပေါ်လာမှအိုးအတွင်း အပြင်မျက်နှာပြင် ချောမွတ်သွားအောင် ယောက်သွားခွံကို အသုံးပြုရသည်။ မိနစ်ပိုင်းအတွင်း အိုးထိန်းစက်ပေါ်၌ အိုးပုံထွတ်ပေါ်လာသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။

အိုးလုပ်သားတို့၏ ကျွမ်းကျင်မှု လက်ဆမှန်ကန်မှုကြောင့် အိုးတစ်လုံးနှင့်တစ်လုံး တစ်ရွယ်တည်းထွက်ပေါ်လာသည်ကိုတွေ့မြင်ရမည်။  ထို့နောက် လက်နှီးစကိုအသုံးပြု၍ အိုးနှုတ်ခမ်းလုံးခြင်း၊ တွန့်ခြင်းများ ဆောင်ရွက်ရသည်။ အကြမ်းထည်အိုးများပြုလုပ်ပြီးသည့်အခါ အနီထည်ဖြစ်အောင် နေပူအခြောက်ခံရသည်။ ထို့နောက်အိုးဖုတ်သော မီးဖိုထဲတွင်ထည့်၍ မီးပျော့ပျော့ဖြင့် (၅) ရက်ခန့်မီးဖုတ်ရသည်။ မီးဖုတ်ပြီးလျှင် တစ်ပတ်ခန့်အိုးများကို အအေးခံရသည်။ ပြီးလျှင်လိုအပ်သော အိုးများရရှိမည်ဖြစ်သည်။

ယခင်က၂၅ပိသာအိုး (အစိတ်ဝင်အိုး)၊ ၁၀၀ပိသာဝင်အိုး (ရာဝင်အိုး)၊ များပြုလုပ်သည့်အခါ တစ်ဝက်စီပြုလုပ်ပြီးမှ ဆက်ယူရကြောင်း သိရှိရသည်။ ယခုအချိန်၌ အိုးကြီးများ ဆောင်ရွက်ခြင်း မရှိသလောက်ရှားပါးလာသည်။ ယခုလုပ်နေသော လုပ်ငန်းများမှာစဉ်အိုး မဟုတ်သော သောက်ရေအိုး၊ ဘုရားပန်းအိုး၊ လက်ဆေးအင်တုံ၊ ငရုပ်ဆုံ၊ ကလေးကစားစရာအိုးဖုတ်၊ စုဘူး၊ ပန်းအလှစိုက်အိုး၊ ရေဘုံဘိုင်၊ တာအိုး၊ ဆီးမီးခွက်စသည့် အိုးအမျိုးမျိုးကိုလည် ထုတ်လုပ်ရောင်းချလျက်ရှိသည်။ တပေါင်းလအချိန်၌တန်ခူးလ အတာသင်္ကြန်အတွက် တာအိုးရာသီဖြစ်သည့်အတွက် အိုးရုံတိုင်း အနယ်နယ်အရပ်ရပ်က မှာယူကြသည့်အတွက် အတာအိုးများလုပ်ရသည့်အတွက် အိုးလုပ်သားများ ပုံမှန်ဝင်ငွေရရှိနေကြောင်း သိရသည်။

ယခုအခါတွံတေးမြို့မှ ထွတ်ရှိသော အိုးအမျိုးမျိုးကို မြန်မာနိုင်ငံတစ်နှံ တစ်လျားရှိဒေသအသီးသီးသို့ ရေလမ်း၊ ကုန်လမ်းများဖြင့် တင်ပို့ရောင်းချနေသည့်သာမက နိုင်ငံတကာစျေးကွက်သို့ပါ တင်ပို့ရောင်းချလာသဖြင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာပြီးဝင်ငွေများရရှိနေပြီးဖြစ်ကြောင်း သိရသည်။

တွံတေးသား (ပြန်/ ဆက်)