မောက်မယ် မတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သော ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာမြို့မစျေးအတွင်း ယနေ့နံနက်ပိုင်း ၉ နာရီက လိုက်လံစစ်ဆေးအသိပညာပေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းလင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာမြို့မစျေးရှေ့တွင် အရေးပေါ်ခေါ်ဆိုနိုင်သည့် မီးသတ်ဦးစီးဌာန ဖုန်းနံပါတ်များပါ ဆိုင်းဘုတ်စိုက်ထူပြီး စျေးဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စျေးသည်များ၏ စျေးဆိုင်ခန်းပတ်ဝန်းကျင်တွင် လောင်စာအမှိုက်သရိုက်များ ရှင်းလင်းထားရန်၊ မိမိစျေးဆိုင်ခန်းနှင့် စျေးဆိုင်ဥပစာအတွင်း ခွင့်ပြုချက်မရှိဘဲ လောင်စာဆီသိုလှောင်ခြင်း ရောင်းချခြင်းမပြုလုပ်ရန်၊ မီးလောင်ကျွမ်းမှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရန် မီးဘေးလုံခြုံရေးအတွက် ရေပုံးနှင့်မီးချိတ်မီးကပ်၊ မီးသတ်ဆေးဗူးများထားရှိရန်၊ ပေါက်ပြဲဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများအသုံးမပြုရန်၊ ဆိုင်တွင်လူမရှိသောအခါ လျှပ်စစ်မိန်းခလုပ်များ ပိတ်ထားရန်၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များမှတ်သားထားရှိရန်၊ မီးလောင်မှုများဖြစ်ပွားပါကလည်း ဆုံးရှုံးမှုနည်းပါးစေရေးနှင့် အချိန်မီမီးငြိမ်းသတ်နိုင်ရေးတို့အတွက် ရည်ရွယ်၍ လက်ကမ်းစာစောင်များပါ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)