မိုးနဲ မတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့မှ အပတ်စဉ် ဒေသဖွံ့ဖြိုးရေးအတွက် ရပ်ကွက် /ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံပွဲများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင်လည်း ကွန်နားကျေးရွာအုပ်စု မွေတော်ဘုန်းတော်ကြီးကျောင်းစုရပ်နေရာ၌ တွေ့ဆုံပွဲ ဆက်လက် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ဒေသဖွံ့ဖြိုးရေး လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ထို့နောက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကိုထွန်းက နယ်မြေဒေသလုံခြုံရေး ဌာနဆိုင်ရာများ ပြည်သူစစ်များနှင့် ပူးပေါင်းကာ ညဘက်လှည့်ကင်းများ ဆောင်ရွက်ပေးနေမှုအခြေအနေကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်က ယာဉ်အန္တာရာယ်ကင်းဝေးစေရေး၊ မူယစ်ဆေးဝါးကင်းစင်မှုရှိစေရေး ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်းကောင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သူနာပြုဆရာမက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို မပေါ့ဆကြစေရန်နှင့် လစဉ် ၃ ရက်နေ့၌ ကလေးငယ်များ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးငိုပွယ်က ရှမ်းဘာသာဖြင့် ထပ်ဆင့်ဘာသာပြန်ပေးခဲ့ကြောင်းနှင့် တွေ့ဆုံပွဲသို့ စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့အပါအဝင် ဒေသခံပြည်သူ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့က အမျိုးသမီးများနေ့အကြို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဟောပြောပွဲ ဒေသခံအမျိုးသမီးများနှင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)