ဆီဆိုင် မတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ပြုလုပ်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ဖြေဆိုနိုင်ရေးအတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် မြို့နယ်အတွင်းရှိ စာစစ်ဌာနများအား ယမန်နေ့ နံနက်ပိုင်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းများတွင် လူပုဂ္ဂိုလ်လုံခြုံရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီစဉ်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ စာဖြေကျောင်းသား၊ ကျောင်းသူများ အေးချမ်းသက်သာစွာ ဖြေဆိုနိုင်ရေးနှင့် စာဖြေခန်းများ ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများမှာ အ.ထ.က(ဆီဆိုင်)၊ အထက(ဘန်းယဉ်)၊ အထက(ဆိုက်ခေါင်)၊ စသည့် စာစစ်ဌာနသုံးခုရှိပြီး အ.ထ.က(ဆီဆိုင်) စာစစ်ဌာနတွင်(၁၃၈)ဦး၊ အထက(ဘန်းယဉ်)စာစစ်ဌာနတွင်(၈၃)ဦး၊ အ.ထ.က(ဆိုက်ခေါင်) စာစစ်ဌာနတွင်(၅၃)ဦး၊ စုစုပေါင်း(၂၇၄)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)