သထုံပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

သထုံ   ဖေဖော်ဝါရီ   ၂၈

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့ နံနက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း(Book Club) တို့ ပူးပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် Book Club အဖွဲ့နာယက ဦးစောဘသိန်းက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင့်တင့်ခိုင် က စာပေဖတ်ရှုမှုမြင့်မားရေးကို ဆွေးနွေးအမှာစကားပြောကြားသည်။

သထုံမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် စာပေဝါသနာရှင်များက စာရေးဆရာကြီးများ ရေးသားသည့် "လူငယ်နှင့်ငြိမ်းချမ်းရေးတန်ဖိုး" ဆောင်းပါးပေါင်းချုပ်စာအုပ်ကို အခန်းအလိုက် ဖတ်ရှုရာ Book Club အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ၎င်းတို့ နှစ်သက်ရာများကို သုံးသပ်ဆွေးနွေးပြီး စာဖတ်သူများက အဆိုပါစာအုပ်၌ မှတ်ယူသင့်သည်များ၊ ထပ်မံသိလိုသည်များနှင့် မရှင်းလင်းသည်တို့ကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြ‌သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ သထုံမြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင် စာပေပညာရှင်များနှင့် ဝါသနာရှင်များ၊ သထုံမြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ စာပေဝါသနာရှင်များနှင့် ခရိုင်ပြည်သူ့စာကြည့် တိုက်မှ စာဖတ်ဝါသနာရှင် လူငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်ဦး(သထုံ)