ကျောက်တံခါး စက်တင်ဘာ ၃၀
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ Cash For Work စီမံကိန်းထောက်ပံ့ငွေကျပ်သိန်း(၁၀၀၀)ဖြင့် ကျေးရွာ(၁၁)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလတွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ Cash For Work စီမံကိန်းထောက်ပံ့ငွေသိန်း(၁၀၀၀)ဖြင့် ရေနုတ်မြောင်း တူးဖော်ခြင်း၊ ကျောက်ရောမြေ ခင်းခြင်း၊ ရေပြွန်ဆောင်ရွက်ခြင်း၊ ကွန်ကရစ်လမ်း၊ မြေသားလမ်း၊ ဂဝံ လမ်း၊ မြေထိန်းနံရံ ဆောင်ရွက်ခြင်း၊ စာသင်ကျောင်း ခြံစည်းရိုးကာရံခြင်း လုပ်ငန်းအမျိုးအစား(၈)ခု၊ လုပ်ငန်း ခွဲပေါင်း(၃၃)ခုအား ဆောင်ရွက်ခဲ့ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ နည်းပညာများ ပံ့ပိုးပေးပြီး စီမံကိန်းလုပ်ငန်းတွင် ပါဝင်သည့် ကျေးရွာများမှ ဒေသခံများ ကိုယ်တိုင် ဝင်ရောက် လုပ်ကိုင်စေခြင်းဖြင့် လုပ်အားခဝင်ငွေချက်ချင်းရရှိကာ မိသားစု စီးပွားရေးကို အထောက်အကူ ပြုခဲ့ပါ သည်။
အဆိုပါစီမံကိန်းလုပ်ငန်းများအား ကျောက်တံခါးမြို့နယ်အတွင်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်၍ ဇူလိုင်လစတုတ္ထပတ်မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာ တတိယပတ်တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)