မြစ်ကြီးနား မတ် ၇
မြစ်ကြီးနားတက္ကသိုလ်သည် မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်တွင် ပထမဦးဆုံး ဖွင့်လှစ်နိုင်ခဲ့သည့် တက္ကသိုလ် ဖြစ်သည့်အပြင် တက္ကသိုလ်အဖြစ် စတင်သတ်မှတ်သည့် ၁၉၉၈ ခုနှစ်မှ စတင်ရေတွက်လျှင် နှစ်ပေါင်း ၂၅ နှစ်ပြည့်မြောက် ပြီဖြစ်သည့်အတွက် ငွေရတုအထိမ်းအမှတ်အဖြစ် ကျောက်တိုင်ဖွင့်ပွဲ၊ သုတေသနစာတမ်းဖတ်ပွဲနှင့် ဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငွေရတုအထိမ်းအမှတ် ကျောင်တိုင်ဖွင့်ပွဲကို တက္ကသိုလ်ပင်မဆောင်ရှေ့ ပန်းခြံငယ်၌ ကျင်းပရာ အထိမ်းအမှတ် ကျောက်တိုင်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အထိမ်းအမှတ် ကျောက်တိုင်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် တက္ကသိုလ်ငွေရတုအထိမ်းအမှတ် စာတမ်းဖတ်ပွဲကို မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်သည် အသိပညာ၊ အတတ်ပညာများကို အသုံးချ၍ တွေးတောကြံစည် လုပ်ကိုင်နိုင်ရေး အဆင့်မြင့်ပညာများကို လေ့ကျင့် သင်ကြားပေးသည့် နေရာဖြစ်ပါကြောင်း၊ ယခုလိုလေ့ကျင့်ပေးခြင်းဖြင့် အမိတက္ကသိုလ်သည် အစိုးရ အဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များစွာကို မွေးထုတ်ပေး နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ယခုလို သုတေသနဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းသည် နိုင်ငံတော်၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် တိုက်ရိုက်ကျသဖြင့် ဆရာ၊ ဆရာမများအနေဖြင့် အကောင်အထည်ဖော် နိုင်သည့် အချက် အလက်များ၊ ခိုင်မာတိကျသည့် ရလဒ်အခြေပြုသုတေသန တွေ့ရှိချက်များဖြင့် နိုင်ငံ့တော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံးတွန်းအားပေးနိုင်မည့် သုတေသနကောင်းများ ပေါ်ထွက်လာအောင် စွမ်းစွမ်းတမံ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါ ကြောင်းဖြင့် ပြောကြားကာ တက္ကသိုလ် ပါမောက္ခချုပ်ထံ ထောက်ပံ့ငွေကျပ် ၅ သိန်း ပေးအပ်ခဲ့ သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘွဲ့နှင်းသဘင်ခန်းမဆောင် အဆောက်အအုံဘေး၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဈေးရောင်းပွဲတော်၌ ဘာသာရပ်အလိုက် ဆိုင်ခန်းငယ်များ ဖွင့်လှစ်၍ အစားအသောက်များ ဖွင့်လှစ်ရောင်းချမှုကို လှည့်လည်ကြည့်ရှုအား ပေးခဲ့ကြသည်။
မြစ်ကြီးနားတက္ကသိုလ်သည် ကချင်ပြည်နယ်အတွင်း ပထမဦးဆုံးဖွင့်လှစ်ခဲ့သော တက္ကသိုလ်အဖြစ် တစ်ခုဖြစ်ပြီး ဦးဆုံးအနေဖြင့် ၁၉၈၅ ခုနှစ်တွင် ကချင်ပြည်နယ်သက်ကြီး တက္ကသိုလ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် မြစ်ကြီးနားဥပစာကောလိပ်၊ ၁၉၆၈ ခုနှစ်တွင် မြစ်ကြီးနားကော လိပ်အဆင့်၊ ၁၉၇၇ ခုနှစ်တွင် ဒေသကောလိပ်အဆင့်၊ ၁၉၈၆ ခုနှစ်တွင် ဒီဂရီကောလိပ်အဆင့်၊ ၁၉၉၈ ခုနှစ်တွင် ဒီဂရီကောလိပ်အဆင့်မှ မြစ်ကြီးနားတက္ကသိုလ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခု ကျရောက်သည့် ငွေရတုနှစ်သည် တက္ကသိုလ်အဖြစ် စတင်အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့သည့် ၁၉၉၈ ခုနှစ်မှ စတင်ရေတွက်ခြင်းဖြစ်ကြောင်းနှင့် စတင်ဖွင့်လှစ်ခဲ့သည့် သက်ကြီးတက္ကသိုလ်မှ ရေတွက်လျှင် မြစ်ကြီးနား တက္ကသိုလ်၏ သက်တမ်းသည် နှစ်ပေါင်း (၆၀)ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနရုံး၌ သင်တန်းသား ၄၀ ဦးတို့ဖြင့် ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူ/သင်တန်းသားများအနေဖြင့် ယနေ့ သင်တန်းမှ သင်ကြား သင်ယူခဲ့သည့် သင်ခန်းစာများကို ဖြစ်ပေါ်လာတဲ့ဘေးအန္တရာယ်များကို ဒေသခံတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုများ၊ လိုအပ်ချက်များ၊ ထိခိုက်လွယ်မှုများကို သိမြင်နားလည်ပြီး မိမိတို့ရပ်ရွာအတွင်းရှိသည့် အရင်းအမြစ်များ၊ ဒေသန္တရ အတွေ့အကြုံများ၊ လူမှုဝန်းကျင် အချိတ်အဆက်များဖြင့် ဘေးအန္တရာယ်များကို ထိရောက်စွာ စီမံခန့်ခွဲကြရေး၊ ဒေသတွင်း သဘာဝ ဘေးစီမံခန့်ခွဲမှုများကို ထိရောက်အကျိုးရှိစွာ ဆောင်ရွက်နိုင်ရေး သင်ခန်းစာပါစီမံခန့်ခွဲမှု သဘော တရားများနှင့် ဆက်စပ်ပြီး မိမိတို့ လူမှုပတ်ဝန်းကျင်အတွက်ပါ ကောင်းမွန်သည့် စီမံခန့်ခွဲမှု များဖြစ်ပေါ်ရေး အလေးထား သင်ယူမှတ်သားကြရေး တိုက်တွန်းမှာကြားပြီး ပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးဝင်း အတွင်းရှိ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှု အခြေအနေများကို ကြည့််ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)