(၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ

မော်လမြိုင် မတ် ၇

ပြည်ထောင်စုတရားလွှတ်တော်ချုပ် နေပြည်တော်၌ ၂၀၂၃ ခုနှစ်၊ ဖေဖော် ဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ ၊ ခရိုင်တရားသူကြီးများ၏ (၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃:၃၀) နာရီက မော်လမြိုင်မြို့၊ မွန်ပြည်နယ်တရားလွှတ်တော်တွင် ကျင်းပပြုလုပ်ရာ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးမှ အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် မွန်ပြည်နယ် တရားသူကြီးချုပ်က ပြည်ထောင်စု တရားသူကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ရှင်းလင်းဆွေးနွေးပြီး၊ မွန်ပြည်နယ်တရားရေး ဦးစီးမှူး ဒေါ်ခင်နှင်းထွဋ်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မှာကြားချက်များ၊ ရုံးလုပ်ငန်းဆိုင်ရာများကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးကြသည်။ အစည်းအဝေးသို့ တက်ရောက် လာကြသည့် ခရိုင်တရားသူကြီးများနှင့် မြို့နယ်တရားသူကြီးများက တရား စီရင်ရေးအခြေအနေနှင့် ရုံးလုပ်ငန်း အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ဌေးမြင့်အေးနှင့် ဒေါ်ညိုမီစံတို့က တရားစီရင်ရေး ဆိုင်ရာလုပ်ငန်းများ မှာကြားဆွေးနွေးခဲ့ပြီး ပြည်နယ်တရားရေးဦးစီးမှူးက ခရိုင်နှင့် မြို့နယ်တရားသူကြီးများ၏ တင်ပြချက်များအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အဆိုပါထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေး ဦးစီးမှူး၊ ရုံးအဖွဲ့မှူးနှင့် တရားရေး အရာရှိများ၊ ခရိုင်နှင့်မြို့နယ် တရားရုံးများမှ တရားသူကြီး (၃၈)ဦးနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့် (ခရိုင်ပြန်/ ဆက်)