နမ္မတူ မတ် ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး စာစစ်ဌာနပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာဖြေခန်းပြင်ဆင်ထားရှိမှုအခြေအနေများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စာဖြေခန်းများတွင် မီးကြိုးများတပ်ဆင်ထားရှိမှုအခြေအနေ၊ တပ်ဆင်ထားရှိသည့် မီးသတ်ဆေးဘူးများ ကောင်းမကောင်း၊ ကျောင်းဝင်းအတွင်း ရေကန်များရေဖြည့်သွင်းထားရှိမှု၊ အမှိုက်သရိုက်များအား စနစ်တကျရှင်းလင်းထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနတစ်ခုတည်းဖြင့် ကျင်းပမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူဘာသာတွဲ(၁)တွင် အတွင်းဖြေ(၆)ဦး၊ ပြင်ပဖြေ(၆၅)ဦး၊ ဘာသာတွဲ(၂)တွင် အတွင်းဖြေ(၄)ဦး၊ ပြင်ပဖြေ(၆)ဦး၊ ဘာသာတွဲ(၇)တွင် အတွင်းဖြေ (၆)ဦး၊ ပြင်ပဖြေ (၃၃)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာဖြေခန်း(၄)ခန်း အရန်စာဖြေခန်း(၂)ခန်း ပြင်ဆင်ထားရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။
လူမော်(ပြန်/ဆက်)