ပုဏ္ဏားကျွန်း မတ် ၇
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှစ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများအား ကြိုတင်ပြင်ဆင်ထားရှိမှုတို့ကို ယမန်နေ့၊ ညနေ(၄)နာရီက စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတို့ သွားရောက်ပြီး စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များဖြင့် တာဝန်များ ခွဲဝေချထားမှု၊ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ကျန်းမာရေးကိစ္စများ ပေါ်ပေါက်လာပါက ဆောင်ရွက်ပေးရန် ကျန်းမာရေးဝန်ထမ်းများ တာဝန်ချထားမှုတို့ကို စာမေးပွဲကြီးကြပ်ရေးကော်မတီများအား ရှင်းလင်းမှာကြားခဲ့ပြီး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာဖြေခန်းများ စနစ်တကျ ပြင်ဆင်ထားရှိမှု၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေစုကန်များ၌ ရေများဖြည့်တင်းထားရှိမှု အခြေ အနေ၊ စာစစ်ဌာနများတွင် လျှပ်စစ်မီးများ သွယ်တန်းထားရှိမှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က(ပုဏ္ဏားကျွန်း)၊ အ.ထ.က(ခွဲ) ပုဏ္ဏားကျွန်း၊ မူလွန်(စံပြ-၂)နှင့် မူလွန်(ရွာဟောင်း) စာစစ်ဌာန (၄)ခု ထားရှိပြီး၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၅၀၉ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)