ရမည်းသင်း မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြီးမှူးကျင်းပသည့် နွေရာသီအားလပ်ရက်ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစေရန် ဂျပန်စကားပြောသင်တန်းကို ယနေ့နံနက် ၉ နာရီတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက နွေရာသီကျောင်းအားလပ်ရက်၌ အကျိုးရှိစေရန်သင်တန်းများ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့်သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဂျပန်ဘာသာစကားပြောသင်တန်းနည်းပြ မနှင်းရွှေရည်လှိုင်က စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းကို ရမည်းသင်းမြို့နယ်အခြေခံပညာကျောင်းများမှ သင်တန်းသား၊သင်တန်းသူ ၃၀ ဦးတက်ရောက်ကြကာ မတ် ၆ ရက်မှ ၃၀ ရက်နေ့ထိ ရက်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)