လယ်ဝေး မတ် ၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးနိုင်ရန်အတွက် သွင်းအားစုများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အလယ်ကျွန်းကျေးရွာအုပ်စုတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးနိုင်ရေးမြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ဆောင်က သွင်းအားစုများအား တောင်သူများလက်ဝယ်သို့ အချိန်မီပေးအပ်နိုင်စေရန်နှင့် တောင်သူများအနေဖြင့်လည်း အလေအလွင့်နည်းပါးစွာဖြင့် အကျိုးရှိအောင်အသုံးပြုနိုင်စေရေး ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးဝင်းအောင်က မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများဖြင့် နိုင်ငံ့စီးပွားမြင့်တင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်စေလို၍ ဘက်ပေါင်းစုံမှအောင်မြင်အောင်ဆောင်ရွက်ရေးနှင့် သွင်းအားစု များအားစနစ်တကျအသုံးပြုနိုင်စေရေး ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းက လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးနေမှု၊ သွင်းအားစုများအား တောင်သူများထံပေးအပ်နေမှု အခြေအနေများ၊ သွင်းအားစုဖြန့်ဖြူးရေးလုပ်ငန်းနှင့် ဝယ်ယူကြိတ်ခွဲရေးလုပ်ငန်းများနှင့်ပတ်သက်၍ တောင်သူများအားရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဆောင်နှင့် တာဝန်ရှိသူများက ဒေသခံနွေစပါးစိုက် တောင်သူများထံသို့ သွင်းအားစုများပေးအပ်ခဲ့သည်။ လယ်ဝေးမြို့နယ်အနေဖြင့် နွေစပါးစိုက်ပျိုးရန်အတွက် ချောင်းမငယ်၊ ပေါင်းလောင်း၊ သဲဖြူ၊ မဒန်းစသည့်ဆည်များမှရေပေးဝေနိုင်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကျေးရွာပေါင်း၂၄ ရွာတွင် စိုက်ဧကပေါင်း ၇၁၇၅ ဧကစိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)