မြင်းခြံ မတ် ၆
မြင်းခြံမြို့နယ်အတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်များအပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာသည့်အချိန်တွင် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် ငလျင်ဒဏ်ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် ကာကွယ်ရေးနည်းလမ်းများ သိရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် မြင်းခြံခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူးပြုလုပ်သည့် ငလျင်ဘေးအန္တရာယ်ဆိုင်ရ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က မြင်းခြံမြို့အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
"ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ်များဖြစ်သည့် စာသင်ခန်းများအတွင်း ကျောင်းသား/ ကျောင်းသူများ စာသင်ကြားနေစဉ် ငလျင်လှုပ်ခတ်ကြောင်း သတင်းရရှိသဖြင့် တုံ့ပြန်ဆောင် ရွက်ခြင်းနှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း၊ ပြိုကျပျက်စီးသွားသည့် အဆောက် အအုံအတွင်း ပိတ်မိသူများအား ASR LEVEL (Assessment Search and Rescue) အလိုက် ရှာဖွေကယ်ဆယ်ပြီး ထိခိုက်ဒဏ်ရာရရှိသော မျက်မြင်လူနာများအား အနီရောင်(ချက်ချင်း)၊ အစိမ်းရောင် (သာမန်ဒဏ်ရာရ)၊ အဝါ(အရေးကြီး)၊ အနက်(သေဆုံး) စသည့် ဒဏ်ရာအခြေအနေအပေါ် မူတည်၍ ဦးစားပေးအဆင့်အလိုက် ဘေးကင်းရာသို့ သယ်ယူရွှေ့ထုတ်ကာ ယာယီတဲတွင် ဆေးဝါးကုသမှုခံယူခြင်း၊ တပ်ဖွဲ့ဝင်များက အဆာက်အအုံ အပေါ်ထပ်ရှိ လူနာအား Skate Block System၊ အသက် ကယ်ကြိုးများအသုံးပြု၍ ကယ်ဆယ်ခြင်း၊ လောင်စာဆီမီးလောင်မှုအား လက်တွေ့ငြိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း" ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင်က ပြောသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က ဘေးအန္တရာယ်ဆိုင်ရာများအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများ ပြုလုပ်နေမှုများကို လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင်းခြင်းတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့သူ များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင်းခြင်း အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)