ကျောက်ဆည် မတ် ၆
မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နွေရာသီအားလပ်ရက်များ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချစေရေးနှင့် ထူးချွန်သည့် လူငယ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အခြေခံဘောလုံးကစားနည်း သင်တန်းဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ သင်တန်းအား ဘောလုံးနည်းပြများဖြစ်သည့် ဦးညီညီလတ်နှင့် နည်းပြ (၅) ဦး၊ ကြီးကြပ် (၂) ဦးတို့က အခြေခံကစားနည်းများဖြစ်သည့် သွေးပူလေ့ကျင့်ခန်းများ၊ အကြောဖြေလျော့ နည်းများ၊ ဘောလုံးထိန်းနည်း၊ လူပေးကစားနည်း၊ ဘောလုံးဆွဲပြေးကစားနည်း၊ ဂိုးပေါက် အတွင်းသို့ ကန်သွင်းခြင်း၊ အသင်းလိုက် ယှဉ်ပြိုင်ခြင်းများနှင့်အတူ အားကစားသမားများ ထားရှိရမည့် စိတ်ဓာတ်များ၊ ဘောလုံးဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ အကြာင်း သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းသို့ ဘောလုံအားကစားစိတ်ဝင်စားကြသည့် လူငယ် (၁၀၀) ကျော် တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းအား မတ်လ (၂) ရက်နေ့မှ (၁၇) ရက်နေ့အထိ (၁၆) ရက်အကြာ သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် ဘောလုံးအားကစားကို ငယ်စဉ်ကပင် စိတ်ပါဝင်စားစွာ ကစားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ကိုယ်ခန္ဓာကြီးထွားသန်မာစေခြင်း၊ စားဝင်အိပ်ပျော်ပြီး စိတ်ရွှင်လန်းခြင်း၊ ဉာဏ်ရည်မြင့်မားခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု မြင့်မားခြင်း၊ မိတ်ဆွေပေါများခြင်း၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း စသည့် အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။
သက်မောင် (ခရိုင်၊ ပြန်/ဆက်)