မှော်ဘီ မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောဂျက်ကော့ထူး၏ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောင့်ရေးဦးစီးဌာနနှင့် အသေးစား စက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူခြင်းနှင့် Bakery and Snack အမျိုးမျိုးထုပ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မှော်ဘီမြို့နယ်၊ စွယ်တော်ကုန်းကျေးရွာ၊ အ.မ. က ကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောဂျက် ကော့ထူးကအဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပေဒ၊ နည်းဥပေဒများ၊ ရည်ရွယ်ချက်နှင့် စစ်တမ်းကောက်ယူရခြင်း အကြောင်းရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ရွှေမြတ်သူက ဝန်ကြီးဌာနမိတ်ဆက်ခြင်းနှင့် TA/LT ဆရာ၊ ဆရာမများခန့်ထားခြင်းအကြောင်းအရာများ ရှင်းလင်းပြောကြားခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်စန်းလင်းနှင့် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မှော်ဘီခရိုင်ဒုတိယညွှန်ကြားရေးမှူးဒေါ်ဥမ္မာညွန့်တို့က ဝန်ကြီးဌာနမိတ်ဆက်ခြင်း၊ အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းရင်သားအခွင့်အရေးများ ကာကွယ်စောင့်ရှောင့်ရေးဦးစီးဌာနမှ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူခဲ့ပြီး အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်ကြပြီး Bakery and Snack အမျိုးမျိုး ပြုလုပ်နည်းများကို မတ်လ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ စာတွေ့လက်တွေ့ ၇ ရက်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)