မိတ္ထီလာ မတ် ၈
မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာအုပ်စု ကုန်းသာကျေးရွာ၌ ဒေသခံများ လုပ်ကိုင်သည့် အိုးလုပ်ငန်းမှ သင်္ကြန်အကြိုအိုးများကို တောင်ပေါ်ဒေသများအထိ တင်ပို့ရောင်းချရလျက်ရှိကြောင်း ဒေသခံအိုးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
“ကုန်းသာကျေးရွာမှာ သီးနှံစိုက်ပျိုးတဲ့ ရာသီမဟုတ်တဲ့အချိန်ဆို အိုးလုပ်ငန်းကိုလုပ်ကိုင်ကြတယ်။ အခုက သင်္ကြန်အခါနီးလာတော့ သင်္ကြန်အကြိုအိုးတွေ အများဆုံး အိုးဖုတ်ရပြီးတော့ တောင်ပေါ်ဒေသတွေအထိ တင်ပို့ရောင်းချရတယ်။ ကုန်းသာကျေးရွာဒေသခံတွေကတော့ အိုးဖုတ်တဲ့ လုပ်ငန်းပဲလုပ်ကိုင်ပြီး ပွဲစားတွေက လာရောက်ဝယ်ယူပြီး တောင်ပေါ်ဒေသကို တစ်ဆင့် ပြန်လည်တင်ပို့ရောင်းချတာပါ။ ကလော၊ အောင်ပန်း၊ တောင်ကြီး၊ ရွာငံ၊ ပင်းတယ ဒေသတွေဘက်ကို တင်ပို့ရောင်းချပါတယ်။ သင်္ကြန်အကြို အိုးတစ်လုံးကို ဒေသခံအိုးလုပ်ငန်းလုပ်ကိုင်သူတွေက ၃၀၀ ကျပ်နှုန်းနဲ့ ကျေးရွာအရောက် လာရောက်ဝယ်ယူတဲ့ ပွဲစားတွေဆီ ရောင်းချရပါတယ်။ အိုးဖုတ်တဲ့အရေအတွက်ကလည်း ပွဲစားမှာတဲ့အပေါ် မူတည်ပြီး တစ်ခါဖုတ်ရင် အလုံး တစ်ထောင်၊ တစ်ထောင့်ငါးရာလောက် ဖုတ်ရပါတယ်”ဟု ကုန်းသာကျေးရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူ ဒေသခံတစ်ဦးက ပြောသည်။
ကုန်းသာကျေးရွာတွင် အိုးလုပ်ငန်းလုပ်ကိုင်သူများမှာ မိုးရာသီ သီးနှံစိုက်ပျိုးသည့်ကာလ မရောက်မမီ မိသားစုဝင်ငွေရသော အိမ်တွင်းမှုလုပ်ငန်းအဖြစ် အိုးလုပ်ငန်းကို မိရိုးဖလာလုပ်ငန်းသဖွယ် ယနေ့တိုင် အစဉ်အဆက် လုပ်ကိုင်လာခဲ့ကြပြီး သင်္ကြန်အကြိုအိုးအပြင် သောက်ရေအိုး၊ ဘုရားပန်းအိုး၊ ပန်းအလှစိုက်အိုး စသည့် အိုးအမျိုးမျိုးကို လုပ်ကိုင်ဆောင်ရွက်ကြောင်း သိရသည်။
ချမ်းသာ