သံတွဲ မတ် ၆
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် မြန်မာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့် တပေါင်းလ သဲပုံစေတီပွဲတော်ကို ယမန်နေ့ညနေ (၃) နာရီက ငပလီကမ်းခြေ Public Area တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သဲပုံစေတီပွဲတော်ကို နမောတဿ(၃)ကြိမ်ရွက်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး ရခိုင်မင်္ဂလာစည်တော်တီး၍ ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ သိမ်ကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒက သဲပုံစေတီပွဲတော် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို မိန့်ကြားတော်မူပြီး ပွဲတော်ကို ဆက်လက်ကျင်းပပြုလုပ်ကြသည်။
ယခုကျင်းပသည့် သဲပုံစေတီပွဲတော်တွင် ပြိုင်ပွဲဝင်အသင်းများအဖြစ် (၂၄) သင်းဝင်ရောက် ယှဉ်ပြိုင်ကြသည့်အပြင် လာရောက်ကုသိုယ်ယူ တည်ထားပူဇော်သူဒေသခံပြည်သူ (၁၀၀) ကျော်ခန့်ရှိပြီး လာရောက်ဖူးမြော်ကြည်ညိုသူများအပါဝင် စုစုပေါင်းပြည်သူ (၅၀၀) ကျော်ဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သဲပုံစေတီပွဲတော်ကို စင်တော်ကောက် ကုမ္ပဏီမန်နေးဂျင်းဒါရိုက်တာ ဦးသိန်းရွှေ မိသားစုက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပထမဆုကို (၂) သိန်းကျပ်၊ ဒုတိယ (၁) သိန်းကျပ်၊ တတိယဆု (၅) သောင်းကျပ်နှင့် အထူးဆု၊ ပြိုင်ပွဲဝင်များအားလုံးအား နှစ်သိမ့်ဆုများချီးမြှင့်ပေးသည့်အပြင် ပွဲတော်လာ ဧည့်ပရိတ်သတ်အားလုံးကို ထမနဲဖြင့် စတုဒိသာဧည့်ခံကျွေးမွေးလှူဒါန်းခဲ့သည်။
သဲပုံစေတီပွဲတော်ဆိုသည်မှာ မြန်မာတို့၏ ၁၂ လရာသီပွဲတော်များတွင် တပေါင်းလသဲပုံစေတီပွဲဟု ဖော်ပြထားရှိသည့်အတိုင်း တပေါင်းလတွင် ဗုဒ္ဓဘုရားရှင်ကို ရည်မှန်းလျက်သဲများဖြင့် စေတီတည်ကာ ဥဒ္ဒိဿစေတီအဖြစ် တည်ထားပူဇော်သည့် ပွဲတော်တစ်ခုးဖြစ်ကြောင်းသိရှိရသည်။
ခရိုင် (ပြန်/ဆက်)