ဆဒုံးမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ဆဒုံး မတ် ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့အတွင်းရှိ ပြည်သူ့ဆေးရုံနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲရှိ ကျေးရွာများတွင် အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆဒုံးမြို့၊ ဆနာကျေးရွာ၌ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပြင်းထန်ဝမ်းပျက် ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန် ဦးနှောက်ရောင် စသည့်ကာကွယ်ဆေးများကို ထိုးနှံ၊ တိုက်ကျွေးပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကိုယ်ဝန်စမ်းသပ်စစ်ဆေးပေးခြင်း၊ ပုံမှန်အားဆေး တိုက်ကျွေးပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို အပတ်စဥ် တနင်္လာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်၊၊

ခင်မာဝင်း(ဆဒုံး)