ကျောက်တော်မြို့၌ ဆောင်းသီးနှံ မတ်ပဲကွင်း သရုပ်ပြပွဲကျင်းပပြုလုပ်

ကျောက်တော် မတ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီအတွင်း ပဲမျိုးစုံသီးနှံ (၁၁၃၇၇)ဧက စိုက်ပျိုးခဲ့ပြီး မတ်ပဲသီးနှံ(၉၈၂)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။

အဆိုပါ မတ်ပဲသရုပ်ပြပွဲတွင် ကျောက်တော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်သန့်အောင်က  မတ်ပဲကွင်းသရုပ်ပြပွဲနှင့်ပတ်သက်၍ ပြောကြားရာတွင် မတ်ပဲသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် သီးနှံစိုက်ပျိုးရာတွင် စပါးရိတ်ပြီး နိုဝင်ဘာလနှင့်ဒီဇင်ဘာလ ၁၅ ရက်အတွင်း အပြီးစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ပိုးမွှားရောဂါ မကျရောက်စေရေးအတွက် ရွက်ဖျန်းအားဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို ဆေးနှုန်းထားမှန်ကန်အောင် ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ မတ်ပဲသီးနှံသည် ဈေးကွက်ဝင်သီးနှံဖြစ်သည့်အတွက် တောင်သူများအနေဖြင့် မတ်ပဲသီးနှံအား တိုးချဲ့စိုက်ပျိုးရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မတ်ပဲသီးနှံမျိုး ကောင်းမျိုးသန့်ရရှိစေရေးအတွက် တောင်သူများအနေဖြင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့  ဆက်သွယ်ပြီး မျိုးသန့်မျိုးပွားများ စဉ်ဆက်မပြတ်ရရှိနိုင်ရေးအတွက် ပဲမျိုးများအား တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေးနည်းပညာများအား အချိန်မီရယူလိုက စိုက်ပျိုးရေးဌာန၏ ကွင်းဆင်းဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် အကျယ်တဝင့်ရှင်းလင်း မှာကြားခဲ့သည်။

၎င်းနောက် မတ်ပွဲကွင်းသရုပ်ပြပွဲတွင် တက်ရောက်လာသော မတ်ပဲစိုက်တောင်သူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးမှ  ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း