သံတွဲ မတ် ၆
တပ်မတော်နယ်လှည့်ဆေးကုသရေး အထူးကုဆရာဝန်ကြီးများပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) သည် ယမန်နေ့နံနက် (၈) နာရီခွဲက ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက်က္ကလပ်ကျေးရွာအုပ်စု သဗြုချိုင်ဆိပ်ကမ်း ဧဒင်အအေးခန်းစက်ရုံတွင် အခြေပြုဒုတိယနေ့ အဖြစ် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆက်လက်ကုသပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ မျက်စိရောဂါနှင့် သွားနှင့်ခံတွင်းရောဂါဆိုင်ရာ လူနာစုစုပေါင်း (၈၇၄) ဦးတို့ကို (အခမဲ့) ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် ဆေးရုံတက် ရောက်ကုသရန် လိုအပ်သည့်လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများ သို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆေးကုသဆောင်ရွက်ပေးနေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးမျိုးချစ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ခရိုင် (ပြန်/ဆက်)