ဒဂုံဆိပ်ကမ်း မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ပုံတူပန်းချီရေးဆွဲခြင်း အခမဲ့ သင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်အေးမဥ္ဇူက ပြောကြားရာတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအား အသိပညာဗဟုသုတတိုးပွားစေရန်၊ လူငယ်များအတွက် အကျိုးရှိစေမည့် ပြပွဲ၊ ပြိုင်ပွဲ ဟောပြောပွဲ၊ ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းသည်လည်း နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ပုံတူပန်းချီရေးဆွဲခြင်း အတတ်ပညာကိုနားလည်တတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် ပန်းချီ၊ ပန်းပု အစည်းအရုံးအတွင်းရေးမှူး မောင်ရူပါက ပန်းချီဆိုတာ အနုပညာတစ်ရပ်ဖြစ်ပါကြောင်း၊ အခြေခံအဆင့်ကို ပြည့်ပြည့်စုံစုံ သင်ကြားပြသပေးသွားမှာ ဖြစ်ပါကြောင်း၊ သင်တန်းစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပုံတူပန်းချီရေးဆွဲခြင်း အခမဲ့သင်တန်းအား မတ်လ(၆)ရက်နေ့မှ (၂၄)ရက် နေ့အထိ အပတ်စဉ် (တနင်္လာနေ့မှ သောကြာ)နေ့ထိ နံနက်(၁၀)နာရီမှ(၁၁:၃၀)နာရီအထိ သင်တန်းသား (၁၂)ဦးဖြင့် (၁၅)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းနည်းပြအဖြစ် မြို့နယ်ပန်းချီ၊ ပန်းပုအစည်းအရုံး အတွင်းရေးမှူး မောင်ရူပါက သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အေးမဥ္ဇူ