ဆွမ်ပရာဘွမ် မတ် ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေနှင့် သင်ထောက်ကူ စာအုပ်များ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က ဆွမ်ပရာဘွမ်မြို့နယ်အနေဖြင့် ပူတာအိုခရိုင်သို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သွားရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ရာသီဥတု အပြောင်းအလဲကြောင့် ကျန်းမာရေး အထူးဂရုပြုကြရန်နှင့် အတတ်နိုင်ဆုံး ရာခိုင်နှုန်းပြည့် အောင်ချက်မြင့်မားရေး ကြိုးစားဖြေဆိုကြရန် အားပေးစကား ပြောကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၁၄)ဦး၊ ကြီးကြပ်ဆရာ၊ ဆရာမများ(၅)ဦး၊ ကျောင်းသားမိဘ (၄)ဦးတို့အား မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး လစဥ်ထောက်ပံ့ငွေကျပ် (၂၀)သိန်း၊ သင်ထောက်ကူ မေးခွန်းဟောင်းစာအုပ်များကို ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုချိန် ကာလအတွင်း လိုအပ်မည့် အာဟာရဖြည့် အစားအစာများ၊ ဆန်(၁)အိတ်၊ နှာခေါင်းစည်း Mask များကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်အေးအေးကျော့နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)