မိဘမေတ္တာသစ်စက်မှ ထိန်ကုန်းရပ်ကွက်ရှိ အခြေခံလူတန်းစားအိမ်ထောင်စု(၁၃၅၀) စုအတွက် ဆန်များထောက်ပံ့လှူဒါန်း

ပြည်ကြီးတံခွန်  စက်တင်ဘာ ၃၀

မိဘမေတ္တာသစ်စက်မှ အိမ်ထောင်စုတစ်စုလျှင် ဆန်(၃)ပြည်နှုန်းဖြင့် အခြေခံလူတန်းစားအိမ်ထောင်စု(၁၃၅၀) စုအတွက် ဆန်များထောက်ပံ့လှူဒါန်းခြင်းကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ရှိ ထိန်ကုန်း ရပ်ကွက် တွင် ယနေ့ နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် အလှူရှင် ဦးအေးဝင်းမောင်၊ ဒေါ်လှလှ(မိဘမေတ္တာသစ်စက်)နှင့် ထိန်ကုန်းရပ်ကွက်ရှိ ပုညသဟာရဘုံဆွမ်းလောင်းအသင်းအဖွဲ့ဝင်များ ပူးပေါင်းကာ အိမ်ထောင်စုတစ်စုလျှင် ဆန်(၃)ပြည်နှုန်း ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် အခြေခံလူတန်းစားတွေ စားဝတ်နေရေးအခက်အခဲဖြစ်နေချိန် ခုလိုလှူဒါန်းပေးတာ တဘက်တလမ်းမှ အထောက်အကူဖြစ်ပါတယ်၊ နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ် တာတွေရှိသလို ခုလိုအလှူရှင်တွေက လှူဒါန်းတာတွေလည်းရှိတဲ့အတွက် အရမ်းဝမ်းသာပါတယ်၊ ကိုဗစ်ကာလဖြစ်တဲ့အတွက် လူစုလူဝေးမဖြစ်အောင် အသုတ်လိုက်ခွဲပြီး လှူဒါန်းပေးတာလည်း တွေ့ရပါတယ်၊ အလှူရှင်တွေကိုလည်း ယခုထက်ပိုမိုလှူဒါန်းပေးနိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်၊ ကျေးဇူးလည်းတင်ပါတယ် ဟု ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက် မှ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားသည်။

သန်းဇော်မင်း(ပြန်/ဆက်)