မိုင်းရယ် မတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ မတ်လ ၈ ရက်နေ့မှ စတင်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲအခန်းများ ပြင်ဆင်ထားမှုကို စစ်ဆေးခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က စာမေးပွဲဖြေဆိုသည့်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့များဖြင့် တာဝန်များခွဲဝေချထားမှု၊ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာထောက်ပံ့ထားရှိမှုများနှင့် ကျန်းမာရေးအခက်အခဲများဖြစ်ပေါ်ပါက ဆောင်ရွက်ပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများတာဝန်ချထားမှုတို့ကို တိကျစွာဆောင်ရွက်သွားရန် စာမေးပွဲအခန်းကြီးကြပ်ရေးကော်မတီဝင်များအား ဆွေးနွေးမှာကြားခဲ့သည်။
မိုင်းရယ်မြို့နယ်အနေဖြင့် စာစစ်ဌာန(၁)ခုသာရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၃၂)ဦးရှိပြီး စာမေးပွဲဖြေဆိုမည့် အခန်း(၂)ခန်းဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)