နမ့်စန်(တ) မတ် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ မူလဆတိုးစေတီတော်ကြီးကို လိုဏ်အတွင်းထည့်သွင်း၍ တည်ထားသော ရွှေစည်းခုံပုံတူစေတီတော်မြတ်ကြီးအား အထက်ဌာပနာသွင်းလှူခြင်းနှင့် ရတနာရွှေထီးတော် စိန်ဖူးတော်တင်လှူပူ ဇော်ခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်မင်္ဂလာနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတော်မင်္ဂလာအခမ်းအနားများကို ယမန်နေ့(တပေါင်းလပြည့်နေ့)နံနက် ၇နာရီ က အဆိုပါဆတိုး ဆုတောင်းပြည့် ဘုရားဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်သုခိတာရုံပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တနရိန္ဒ (သာသနဓဇဓမ္မာစရိယ) ထံမှကိုးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသော နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ အမှတ်(၇၃)သံချပ်ကာစစ်ဆင်ရေးကွပ်ကဲ မှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ညီညီဝင်းနှင့် တပ်မတော်အရာရှိများ၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များက သံဃာတော်အရှင်သူမြတ်တို့ထံ ပရိတ်အိုး၊ ပရိတ်ပန်း၊ ပရိတ်သဲ၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အထွဋ်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၊ မြို့ဦး သီရိမင်္ဂလာကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် (မဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တကောဏ္ဍညထံမှ အနုမောဒနာတရား နာယူကြည်ညိုကာ ကုသိုလ်ကောင်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံဆင့်နှင့်ဌာပနာများကို သံဃာတော် အရှင်သူမြတ်များနှင့် ဒါယကာ၊ ဒါယိကာမများက ပင့်ဆောင်၍ ဆတိုး ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား လှည့်လည်ပူဇော်ခြင်း၊ အတုလကာရီပရိယတ္တိ စာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တသီလာနန္ဒ (သာသနဓဇဓမ္မာစရိယ) ဦးဆောင်၍ မင်္ဂလာရထားပျံဖြင့် စေတီတော်ပေါ်သို့ ပင့်ဆောင်၍ တင်လှူ ပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကျင်းပခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)