ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

စစ်တွေ မတ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့လယ် နာရီက စစ်တွေမြို့၊ လောကာနန္ဒာ စေတီတော်ပုရဝုဏ် အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ရခိုင် မင်္ဂလာစည်တော်အဖွဲ့မှ စည်တော်တီးကာ ရတနာသုံးပါးအားပူ ဇော်ကြသည်။ ဆက်လက်၍ ထူးမခြားနား သီချင်းခံသုံးပိုဒ်ဖြင့်ပူဇော်ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးက အခမ်းအနားဖွင့်စာတမ်းကို ဖတ်ကြားလျှောက်ထားသည်။

ထို့နောက် ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့် ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ စစ်တွေမြို့၊ တောင်ရွှေရွာကျောင်းတိုက် မဟာဂန္ထဝါစကပဏ္ဍိ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တဓမ္မိက မဟာထေရ်မြတ် က သမ္မောဒနီယဩဝါဒ အဋ္ဌကထာမိန့်ကြားချီးမြှင့်တော်မူသည်။

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ၂၀၂၃ ခုနှစ် သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊  ပြည်နယ်ဥပဒေချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်တို့က ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ၂၀၂၃  ခုနှစ် သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးအား ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဆွေဆွေမြတ်က ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက်ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသောမ မဟာထေရ် မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းလောင်း အမျှပေးကြသည်။

ယင်းနောက် အခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိတု’’ သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရခိုင်မင်္ဂလာစည်တော်အဖွဲ့မှ အောင်စေသံတီးခတ်ပြီး အခမ်းအနားကို ရုပ်သိမ်းကြသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် မဟာဂန္ထဝါစကပဏ္ဍိ ဘွဲ့တံဆိပ်တော်ရဆရာတော် နှစ်ပါး၊ မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်လေးပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ် တော်ရဆရာတော်လေးပါး၊ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်သုံးပါး၊ ကမ္မာဋ္ဌာနစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော် တစ်ပါးနှင့် ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး တစ်ပါးတို့ကို ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)