တောင်ဥက္ကလာပ မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ဥက္ကလာပစေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ဆည်းလည်းပဒေသာတော်များ နှင့် ငှက်မြတ်နားတော်တို့အား အထွက်တော်တင် မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က မဟာမုနိဓမ္မာရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များက အထွက်တော်သို့ တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ဆည်းလည်းပဒေသာတော်များနှင့် ငှက်မြတ်နားတော် တို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ပြီး နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်သံဃာ့နာယက ဆရာတော်မဟာထေရ်မြတ်ထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသရစ္ဇုာယ်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို ရိုသေစွာနာယူကြည်ညိုခဲ့သည်။ ထို့နောက် သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဥက္ကလာပဘုရားစေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ဆည်းလည်းပဒေသာတော်များနှင့် ငှက်မြတ်နားတော်တို့အား ဆရာတော်ကြီးများထံ ဆက်ကပ်ခြင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရွှေသင်္ကန်းကပ်လှူရန်အတွက် အလှူတော်ငွေကျပ်သိန်း (၂၀) အထက် လှူဒါန်းသောအလှူရှင်များအား သမိုင်းဝင်ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေပေးခဲ့သည်။
ထို့နောက် အထွက်တော်သို့ တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ဆည်းလည်းပဒေသာတော်နှင့် ငှက်မြတ်နားတော်တို့အား မဟာမုနိဓမ္မာရုံကြီးမှ ပင့်ဆောင်ကာ ဥက္ကလာပစေတီတော်မြတ်ကြီးအား လက်ယာရစ် သုံးကြိမ်ပူဇော်ပြီး သုဒဿနရင်ပြင်ရှိ ဗဟိုမဏ္ဍပ်သို့ ပင့်ဆောင်ကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက မင်္ဂလာအချိန်၌ မင်္ဂလာရထားပျံဖြင့် စေတီတော်၏ အတော်ထွက်သို့ တင်လှူပူဇော်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလှူရှင်များက ၇ ရက်သားသမီးများအတွက် ရတနာရွှေမိုး၊ ငွေမိုးများကြဲ၍ အထွက်တော်တင် မဟာမင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရသည်။
မြို့နယ်( ပြန်/ဆက်)