ညောင်ရွှေမြို့၌ နွေစပါးစံပြကွက်စိုက်ပျိုးတောင်သူများသို့ သွင်းအားစုများ ထောက်ပံ့ပေးအပ်

ညောင်ရွှေ မတ် ၆

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာအုပ်စုတွင် ဆောင်ရွက်မည့် နွေစပါးဧက ၁၀၀၊ တင်း ၁၂၀နှင့် အထက် ထွက်ရှိရေး စံပြကွက်တောင်သူများသို့ စိုက်ပျိုးရေးဦးစီးဌာနမှ သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးပက်ထရစ်ဗြူးက သွင်းအားစုများ ထောက်ပံ့ပေးအပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် နွေစပါးဧက ၁၀၀ စံပြကွက် စိုက်ပျိုးမည့်တောင်သူများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးရေးသွင်းအားစုများကို ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် နွေစပါးဧက ၁၀၀၊ တင်း ၁၂၀နှင့်အထက် ထွက်ရှိရေးအတွက် စံပြကွက်တောင်သူများသို့ ပုလဲဓာတ်မြေဩဇာ အိတ် ၁၀၀နှင့် ဗေဒါသဘာဝမြေဩဇာ အိတ် ၁၀၀ ကို ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်