မန့်ဟီးရိုး မတ်လ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၏ ဒေသခံပြည်သူများသည် ၎င်းတို့စိုက်ပျိုးထားသော ဒေသထွက်သီးနှံများကို ငါးရက် တစ်စျေးတွင် သင့်တင့်သောစျေးရရှိသဖြင့် သီးနှံများ ပိုမိုစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မန့်ဟီးရိုးမြို့သည် တရုတ်-မြန်မာနယ်စပ်မြို့လေးဖြစ်ပြီး စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်သော ရွှေလီမြစ်ဝှမ်း လွင်ပြင်ဒေသတွင်တည်ရှိသဖြင့် စိုက်ပျိုးသီးနှံများကို ရာသီမရွေး စိုက်ပျိုးကာ ငါးရက်တစ်စျေး တွင်ရောင်းချခြင်း၊ မူဆယ်မြို့ကို အဓိကထားတင်ပို့ရောင်းချပြီး အခြားသော မြို့များ သို့ တင်ပို့ရောင်းချခြင်း များဖြင့် စီးပွားဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မန့်ဟီးရိုးမြို့တွင် ဒေသထွက်သီးနှံများဖြစ်သော ရှမ်းဆန်၊ မုန့်ညှင်း၊ မုန်လာဥဖြူ၊ပန်းဂေါ်ဖီ၊ ကိုက်လန်ပင်နှင့် အခြားဟင်းသီးဟင်းရွက် အသီးအနှံများကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလျက်ရှိပြီး မိသားစု အပိုဝင်ငွေ ရရှိလျက်ရှိပါသည်။
ဆက်ပိုင်(မန့်ဟီးရိုး)