နောင်တရားမြို့ပတ်ဝန်းကျင်ကျေးရွာများ၌ ထွက်ရှိသည့် ချင်း(ဂျင်း)များဈေးကောင်းရ

နောင်တရား မတ် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားမြို့ ပတ်ကျင်းကျင်ကျေးရွာများ၌ ထွက်ရှိသည့် ချင်း(ဂျင်း)များ ဈေးကောင်းရရှိလျက်ရှိကြောင်း စိုက်ပျိုးရေးတောင်သူတစ်ဦးထံမှ သိရသည်။

“ယခင်နှစ်က ချင်း(ဂျင်း)ဈေး တစ်ပိဿာ ၁၅၀ ကျပ်မှ ၃၀၀ကျပ် ဈေးဖြစ် ရောင်းအဝယ်ဖြစ်တော့ မရောင်းဖြစ်ဘူး အကုန်ပြန်စိုက်လိုက်တယ် ယခုအချိန်မှာ ချင်းဈေးအနည်းငယ် တန့်နေတယ် ယခုအောင်ပန်း ကုန်စည်ဒိုင်မှ တစ်ပိဿာ ၁၀၀၀ ကျပ်မှ ၁၃၀၀ ကျပ်အထိ အရောင်းအဝယ် ဖြစ်တယ်၊ ပွဲစားခ၊ ကားခ၊ အလုပ်သမားခနုတ်ရင် တစ်ပိဿာ ၉၀၀ကျပ်ကျန်တယ် ချင်းစိုက်တာ ကုန်ကျစရိတ်သက်သာလို့ အများကြီး စိုက်ဖြစ်ပါတယ် ယခုလိုဈေးကောင်းရတော့ ဝမ်းသာမိပါတယ်” ဟု ပင်ခါးကျေးရွာမှ ချင်း(ဂျင်း)စိုက်တောင်သူ တစ်ဦးကပြောသည်။

ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ၌ ယခင်နှစ်တွင် ချင်း(ဂျင်း)ဈေးမကောင်းခြင်းကြောင့် ရောင်းချမှုနည်းပါးပြီး ယခုနှစ်ရာသီတွင် ချင်း(ဂျင်း)စိုက်ပျိုးမှု ယခင်နှစ်ထက်များပြားလျက်ရှိသည်။ နောင်တရားဒေသမှာထွက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များကို အောင်ပန်းကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချပြီး အောင်ပန်းကုန်စည်ဒိုင်မှတဆင့် မြန်မာတစ်နိုင်ငံလုံးသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ၂၀၂၃ခုနှစ်အတွင်း ချင်း(ဂျင်း)စိုက်ပျိုးမှု ဧကပေါင်း(၈၂၅)ဧက စိုက်ပျိုးထားကြောင်း နောင်တရားမြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

ခွန်အောင်(နောင်တရား)