ဗဟန်း မတ် ၆
ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ပိတ်ပွဲ(အောင်ပွဲ)နှင့် ရေစက်ချအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရင်ပြင်တော် မြောက်ဘက် ချမ်းသာကြီးတန်ဆောင်း၌ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ သ.အ.စဓမ္မာစရိယ၊ ပါဠိပါရဂူဝဋံသကာ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယကဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်) ထံမှဧည့်ပရိသတ်တို့က နဝင်္ဂသီလခံယူဆောက်တည်ခြင်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိဦးသိန်းထွဋ်မောင်က “ဗုဒ္ဓပူဇနိယမင်္ဂလာ” ရေစက်ချအနုမောဒနာစာတမ်းလွှာကို ဖတ်ကြားလျှောက်ထားခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကာလတွင် ဆောင်ရွက်ခဲ့သောကုသိုလ်ကောင်းမှု အစုစုတို့အတွက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဝိနယ+ဒီဃနိကာယပါဠိပါရဂူ၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ ရေစက်ချ အနုမောဒနာ တရားနာကြား၍ ရေစက်ချအမျှပေးဝေကြသည်။
ဆက်လက်၍ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ကာလတစ်လျှောက် ကုသိုလ်အတူပြုရန် ပင့်ဖိတ်ထားသည့် နတ်ဗြဟ္မာအပေါင်းတို့အား ပြန်လည်ပို့ဆောင်ပြီးနောက် “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
နံနက်၁၀နာရီခွဲတွင် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် မဟာပဋ္ဌာန်းသံဃာတော်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ မတ်လ ၅ ရက်နေ့(တပေါင်းလပြည့်နေ့)အထိ ၁၀ ရက် တိုင်တိုင်ကျင်းပခဲ့ရာ (၂၁၆) နာရီမျှ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဖွင့်ပွဲနေ့တွင် နှစ်ကျိပ်ရှစ်ဆူသော ဗုဒ္ဓရုပ်ပွားတော်များအား ရင်ပြင်တော်တွင် လှည့်လည်အပူဇော်ခံခြင်း၊ ပရိသတ်အမျိုး(၄)ပါးတို့က ရွှေတိဂုံစေတီတော်ရင်ပြင်တစ်ခုလုံးဝန်းရံ၍ မဟာပဋ္ဌာန်း ဒေသနာတော်များစုပေါင်း ရွတ်ဖတ်ပူဇော်ခြင်း၊ ဩဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့် သံဃာတော်၊ သီလရှင်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ပွဲတော်ကာလတစ်လျှောက်လုံး မဟာပဋ္ဌာန်း သံဃာတော်များနှင့် စောင့်ရှောက်ရေးသံဃာတော်များကို နေ့စဉ် အရုဏ်ဆွမ်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အဖိတ်နေ့ညနေ(၄)နာရီတွင် သံဃာတော်(၁၁၇)ပါးနှင့် သာသနာ့နွယ်ဝင်သီလရှင်(၂၇)ပါးတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် ရုံးဌာနများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ စေတနာရှင် ဘုရားဖူးပြည်သူများက သံဃဒါနဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခြင်း၊ လပြည့်နေ့အရုဏ်တက်ချိန်တွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ရုံးဝန်ထမ်းများက ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်ချအခမ်းအနားတွင် ဩဝါဒါ စရိယဆရာတော်ကြီးများနှင့် မဟာပဋ္ဌာန်း သံဃာတော်များကို နဝကမ္မနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အစရှိသည့် ကုသိုလ်တော်များကို ဆောင်ရွက်ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)